သတင်းထောက်တွေကို ဖမ်းဆီးပြီး သတင်းဌာနကို ချိပ်ပိတ်တာဟာ သတင်းလွတ်လပ်ခွင့်ကို ကျဆင်းစေတယ်လို့ သတင်းသမားတွေပြော

အောက်တိုဘာ ၃၀ – ၂၀၂၃

SN (VOM)

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အခြေစိုက် Development Media Group (DMG) သတင်းဌာနရုံးခန်းကို ချိပ်ပိတ်ပြီး သတင်းထောက်ကိုဖမ်းဆီးတာဟာ သတင်းလွတ်လပ်ခွင့်ကို ပိုပြီး ကျဆင်းစေတယ်လို့ သတင်းသမားတွေက ပြောပါတယ်။

 

“ဒီအမ်ဂျီက သတင်းထောက်နဲ့ ရုံးစောင့်သူကို ဖမ်းဆီးသွားတဲ့ ကိစ္စက ဘယ်လိုမှ လက်ခံလို့မရဘူး။ ဒါပေမယ့် ဒီလိုပဲ မြန်မာနိုင်ငံရဲ့အခြားနေရာတွေမှာလည်း ဖြစ်နေတာပဲလို့ဆိုရင်လည်း ဆိုကြမှာ။ သို့ပေမယ့် ရခိုင်ပြည်နယ်က သတင်းတွေကို နေ့စဥ် တင်ဆက်နေတဲ့သတင်းဌာနတခုကို ရပ်တန့်အောင် လုပ်တာ၊ သတင်းသမားကို ဖမ်းဆီးတာဟာ ရခိုင်ပြည်နယ်က သတင်းလွတ်လပ်ခွင့်ကို ပိုပြီး ကျဆင်းစေတာဖြစ်သလို ရခိုင်အခြေစိုက် သတင်းသမားတွေ ပိုပြီး မလုံခြုံတဲ့ အနေအထားဖြစ်စေတယ်။ သတင်းသမားတယောက်အနေနဲ့ဖမ်းဆီးတာ၊ ပစ္စည်းတွေ သိမ်းဆည်းတာကို ကန့်ကွက်ရှုတ်ချပါတယ်” လို့ သတင်းစာဆရာတဦးက ပြောပါတယ်။

 

မနေ့ အောက်တိုဘာ ၂၉ ရက်၊ နေ့လယ် ၁၂ နာရီကျော်ဝန်းကျင်က အထူးစုံစမ်းစစ်ဆေးရေအဖွဲ့ (စသုံးလုံး) အပါအဝင် SB နဲ့ လုံခြုံရေးအင်အား ၂၀ ခန့်က DMG သတင်းဌာနကို ကားသုံးစီးနဲ့ လာရောက် ပြီး ရုံးသုံးပစ္စည်းတွေဖြစ်တဲ့ ကင်မရာနဲ့ ကွန်ပျူတာတွေကိုသိမ်းဆည်းသွားကာ ရုံးကိုလည်း ချိပ်ပိတ်သွားခဲ့သလို သတင်းထောက်တဦးနဲ့ ညစောင့်တဦးတို့ကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

 

အောက်တိုဘာ ၂၉ ရက်က စစ်တွေမြို့၊ ဝင်္ကဘာကွင်းမှာ ဓာတ်ပုံသတင်းသွားယူတဲ့ DMG သတင်းထောက်ကို နစကတပ်ဖွဲ့ဝင်တွေကစစ်ဆေးမေးမြန်းခဲ့အပြီးမှာ ရုံးကို လိုက်ပြခိုင်းပြီး ရုံးအတွင်း မွှေနှောက်ရှာဖွေတာတွေလုပ်ခဲ့သလို အဲ့ဒီ့သတင်းထောက်နဲ့ ရုံးစောင့်ကိုဖမ်းဆီးသွားတာလို့ သတင်းတွေအရ သိရပါတယ်။

 

ဖမ်းခံရတဲ့ သတင်းထောက်ဟာ ကိုထက်အောင်ဖြစ်ပြီး ညစောင့်ကတော့ ကိုစိုးဝင်းအောင်လို့ လည်း သိရပါတယ်။

“သတင်းထောက်တွေကို ဖမ်းတာက ပြည်သူတွေရဲ့ လွတ်လပ်စွာ သတင်းသိပိုင်ခွင့်၊ ရပိုင်ခွင့်တွေကို ပိတ်ပင်တာနဲ့ အတူတူပဲ။ လူ့အခွင့်အရေးကို ချိုးဖောက်နေတာ၊ မတရားဘူး” လို့ နောက်ထပ် သတင်းသမားတဦးက ပြောပါတယ်။

 

DMG သတင်းဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဖမ်းဆီးသွားတဲ့ သတင်းထောက်နဲ့ ညစောင့်တို့ကို စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းထားပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးထားတယ် ဆိုတာကို တိတိကျကျ မသိရသေးဘူးလို့ ဖော်ပြထားပါတယ်။

 

Development Media Group(DMG) သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်မင်းဦးဟာ မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၂) နဲ့ ပြီးခဲ့တဲ့၂၀၁၉ ခုနှစ် အတွင်းက ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့သတင်းရဲတပ်ဖွဲ့ရဲ့ အမှုဖွင့်တာကို ခံထားရသူပါ။

 

ဒါ့အပြင် အဲဒီသတင်းဌာနက တာဝန်ခံအယ်ဒီတာတဦးနဲ့ သတင်းထောက်တဦးဟာလည်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ဆက်သွယ်‌ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။

ဒါ့အပြင် Myanmar Now သတင်းဌာနက ဓါတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကိုလည်း နစက က အခု ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆ရက်နေ့က အလုပ်ကြမ်းနဲ့ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ထားတယ်လို့ သိရပါတယ်။

 

နစကရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းသမားတွေ သတင်းရေးလို့ ဖမ်းခံရတာ မရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ဘူးပါတယ်။

 

ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်း ပြည်တွင်းမှာအခြေစိုက်တဲ့ သတင်းဌာန ခုနစ်ခုကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလစပြီး ပိတ်ခဲ့တာလည်းရှိပါတယ်။

 

နစက အာဏာရယူပြီးနောက် ရခိုင်မှာ အခြေပြုတဲ့ သတင်းသမား ဆယ်ဦးထက်မနည်းတဲ့ အရေအတွက်ကိုလည်း နစက က တရားခံပြေးအဖြစ် သတ်မှတ်ထားတာတွေ့ရပါတယ်။

 

#voiceofmyanmar #VOM #DMG #ရခိုင်သတင်းထောက်

#Photos original uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW