ဒေလီ၊ နိုဝင်ဘာ-၃-၂၀၂၃
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ လေထုညစ်ညမ်းမှုပိုမိုဆိုးရွားလာတာကြောင့် မူလတန်းကျောင်းတွေကို နိုဝင်ဘာ ၃ ရက်မစပြီး အာဏာပိုင်တွေက နှစ်ရက်ကြာ ပိတ်ထားလိုက်ပါတယ်။
မြို့တော်ရဲ့လေထုအရည်အသွေးဟာ ယခုရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ဆိုးရွားစွာကျဆင်းနေကြောင်း တာဝန်ရှိသူတွေကဆိုပါတယ်။ လာမယ့်နှစ်ပတ်အတွင်း မိုးရွာသွန်းဖွယ်အခြေအနေရှိကြောင်း မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး အခြေအနေကိုပြန်လည်သုံးသပ်ဖို့ ဒေလီသဘာဝပတ်ဝန်းကျင်ဝန်ကြီးက အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပါတယ်။ ဒေလီဟာ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှု အဆိုးရွားဆုံးဖြစ်ပွားလေ့ရှိတဲ့ မြို့တွေထဲက တမြို့ဖြစ်ပါတယ်။
လယ်သမားတွေဟာ ကောက်ပဲသီးနှံတွေရိတ်သိမ်းပြီးနောက် စိုက်ခင်းတွေကို မီးရှို့ခြင်း၊ လေတိုက်နှုန်းနည်းပါးခြင်း၊ ပွဲတော်တွေအတွင်း မီးရှူးမီးပန်တွေဖောက်ခြင်းစတဲ့ အကြောင်းရင်းတွေကြောင့် ဒေလီရဲ့ လေထုအရည်အသွေးဟာ အထူးသဖြင့် ဆောင်းရာသီမှာ ပိုမိုညစ်ညမ်းလေ့ရှိပါတယ်။
အိမ်နီးချင်းပန်ဂျပ်နဲ့ ဟာယာနာပြည်နယ်တွေမှာ စိုက်ခင်းတွေကိုမီးရှို့မှုတွေပြုလုပ်ချိန်ဖြစ်တဲ့ နိုဝင်ဘာ ၁ ရက်ကနေ ၁၅ ရက်အတွင်း မြို့တော်ရဲ့ လေထုဟာ အညစ်ညမ်းဆုံးဖြစ်ပွားလေ့ရှိကြောင်း ဒေလီ လေထုအရည်အသွေးထိန်းချုပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
Ref:BBC
Photo:Getty Images