ချင်းပြည်နယ်နဲ့ စစ်ကိုင်း ၊ မကွေးတိုင်းဘက်တွေမှာ ဒီမနက်ပိုင်းကစလို့ နေရာအတော်များများ တိုက်ပွဲဖြစ်နေ

 

နိုဝင်ဘာ ၊ ၃ ၊ ၂၀၂၃

SP ( VOM)

ဒီမနက် အစောပိုင်းကစလို့ ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ တီးတိန်ကားလမ်းခွဲ ၊ ဖလမ်း – ကလေး ကားလမ်းမှာရှိတဲ့ သိုင်းငင်း ကင်စခန်းနဲ့ စစ်ကိုင်းတိုင်း တမူးမြို့နယ် ၊ ခမ်းပတ် (မြို့နယ်ခွဲ) ရဲစခန်းအပါအဝင် ကလေး – တမူးကားလမ်းက ရာဇဂြိုလ် အကျဥ်းဦးစီးဌာန ၊ ဘဝသစ် ကုန်ထုတ်လုပ်ရေးစခန်း နဲ့ ကောလင်းမြို့ပေါ် မှာ နေရာ အနှံ့အပြား ၊ အပြင် ကန့်ဘလူမြို့နယ် ၊ ချပ်သင်းဘက်မှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာရဲကင်းစခန်းကတော့ ကျသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဒီမနက် ၄ နာရီလောက်ကစပြီး ပစ်ခတ်သံတွေကြားရတယ် ၊ တချို့လည်း မိုးမလင်းတည်းက ပြေးကြတယ် ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကတော့ ဒီမနက် မိုးလင်းမှ ပြေးရတာ ၊ ကလေး – တမူး ကားလမ်းမှာရှိတဲ့ ခမ်းပတ်မြို့မရဲစခန်းနဲ့ ဝိဒုတ် ကင်းစခန်းတွေနဲ့ ပစ်ကြတာလို့ သိရတယ် ၊ အဲ့ဒီအပြင် ကလေးမြို့နယ် ၊ ကလေး – တမူး ကားလမ်းက ရာဇာဂြိုလ် အကျဥ်းဦးစီးဌာန ၊ ဘဝသစ် ကုန်ထုတ်လုပ်ရေး အကျဥ်းစခန်းလည်း ပစ်ခတ်ခံနေရတယ်လို့ ကြားတယ် ၊ နှစ်ဘက် ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ် ၊ အရေအတွက်တော့ အခုထိ မသိရသေးဘူး ” လို့ ခမ်းပတ်ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီအပြင် စစ်ကိုင်းတိုင်း ၊ ကောလင်း ခရိုင် ၊ ကောလင်းမြို့ ၊ မြို့လယ်မှာရှိတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ၊ မြို့မရဲစခန်း ၊ မြို့နယ် ထွေ/ အုပ်ရုံး အပါအဝင် အထက်တန်းကျောင်းနေရာမှာပါ ဒီမနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရတာတွေဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေကြောင်း ပစ်ခတ်တွေ ရှိတယ်လို့ သိရပါတယ်။

မနေ့ကလည်း စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ချပ်သင်းတိုက်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီး ချပ်သင်းနယ်မြေရဲစခန်းအပါအဝင် ရွာထဲက နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်မှာ ပြေးဆွဲနေတဲ့ကလေး – တီးတိန်ကားသမားတယောက်က ” ချင်းပြည်နယ်ဘက်မှာလည်း ဒီမနက်ပိုင်း ပစ်ခတ်မှုတွေရှိတယ် ၊ တီးတိန် – ကလေး ကားလမ်း သိုင်းငင်းရွာနားမှာ ဖြစ်တယ် ၊ ဒီကနေ့ တောင်ပေါ် အတက်ကားတွေနဲ့ အဆင်းကားတွေ မရှိဘူး ၊ ပစ်တာ ခတ်တာတွေတော့ အခုထိရှိနေတုန်းပဲ ၊ အသေအပျောက်တော့ မကြားရသေးဘူး ” လို့ပြောပါတယ်။

ဒါ့အပြင် မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် ၊ မင်းရွာမှာနေထိုင်တဲ့ ဒေသခံတယောက်က ” ဒီမနက် အစောပိုင်းက မင်းရွာ ရဲကင်းစခန်းမှာ ပစ်ခတ်တိုက်ခိုက်ခံရပြီး စခန်းကျသွားတယ် ၊ အခု စခန်းမီးလောင်နေတယ် ၊ ရဲတယောက် အလောင်းတွေ့ရတယ် ၊ ကျန်တဲ့ ရဲတွေက မီးလောင်တဲ့အထဲ ပါသွားတာလား ၊ ထွက်ပြေးသွားတာလား မသိရဘူး ၊ ပျောက်နေတယ် ” လို့ ပြောပါတယ်။

ချင်းပြည်နယ် သိုင်းငင်း ၊ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ခမ်းပတ်မြို့နယ်ခွဲ ၊ ကလေးမြို့နယ် ရာဇဂြိုလ် စခန်း အပါအဝင် ကောလင်းမြို့ပေါ်မှာ နေရတချို့နဲ့ မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ၊ မင်းရွာဘက်တွေမှာ ထိတွေ့တိုက်ပွဲတွေတပြိုင်နက်ဖြစ်ပွားနေပြီး ဒေသခံ ၇၀၀၀ ထက်မနည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW