ဆမီးမြို့ပေါ်မှာ ပစ်ခတ်မှုတွေဖြစ်ပွားလို့ လုံခြုံရေးတပ်ဖွဲ့ဝင် လေးဦး သေဆုံး

နိုဝင်ဘာ ၊ ၅ ၊ ၂၀၂၃
SP ( VOM)
ချင်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ၊ ပလက်ဝမြို့နယ်ခွဲ ၊ ဆမီးမြို့ ၊ ဘားဝရပ်ကွက်ထဲမှာ မနေ့ နိုဝင်ဘာ ၄ ရက် မနက်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” မနေ့က မနက် အစောပိုင်း ၂ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်မှုဖြစ်ပွားတယ် ၊ ဘားဝ ရပ်ကွက်ထဲမှာဖြစ်တာပါ ၊ လုံခြုံရေးအဖွဲ့က ဂိတ်ကနေ ကင်းပြီးလို့ ပြန်လာတဲ့အချိန် ဒေသတွင်း လက်နက်ကိုင် (CNA) အဖွဲ့တွေက စောင့်ကြို ပစ်ခတ်တာဖြစ်တယ် ၊ အဲ့ဒါကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် လေးဦး သေဆုံပြီး ၊ ရပ်ကွက်ထဲက ကလေးအမေတယောက် ဒဏ်ရာရသွားတယ် ၊ ဒဏ်ရာရသူက နို့စို့ကလေး မိခင် ဒေါ်အေးမိုးသွယ် ၃၀ နှစ်ဖြစ်တယ် ၊ ဆမီး ဆေးရုံမှာ ကျန်းမာရေး ဝန်ထမ်းတွေမရှိတာကြောင့် အခု ပလက်ဝ ဆေးရုံမှာ ပို့ဆောင်ကုသနေရတယ်” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ချင်းပြည်နယ် လုံခြုံရေးအဖွဲ့ဆီ VOM က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်၊ ည ၈ နာရီ ဝန်းကျင်က ဆမီးမြို့ပေါ်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ဆမီး ရဲစခန်းက ယာယီ စခန်းမှူးတယောက်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတာ အခုထိ အဆက်သွယ်မရသေးဘူးလို့လည်း သိရပါတယ်။
မနေ့ နိုဝင်ဘာ ၄ ရက် က စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ်ကြားမှာရှိတဲ့ မြောက်စည်း နယ်မြေရဲစခန်းနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ ပစ်ခတ်မှုတွေဖြစ်ပွားပြီး လေကြောင်း ပစ်ခတ်တာတွေရှိလို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ (CNDF) က ရဲဘော် ဆလိုင်းကျူံးသဲ ၁၉ နှစ် ၊ ရဲဘော် မင်းခန့်နိုင် နဲ့ ကိုညိုလုံး တို့သေဆုံးခဲ့ရပြီး ခုနှစ်ယောက်ထက်မနည်း ထိခိုက် ဒဏ်ရာတွေရခဲ့တယ်လို့ လူမှုကွန်ရက်ပေါ် ထုတ်ပြန်ချက်အရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW