မင်းရွာတိုက်ပွဲမှာ ပြည်သူ ၂ယောက် သေဆုံးသလို ရဲတွေအကျအဆုံးများ

နိုဝင်ဘာ ၊ ၅ ၊ ၂၀၂၃
SP (VOM)
မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ်ရဲ့ တောင်ဘက်ခြမ်း ထီးလင်းမြို့နယ်နဲ့ ကြားမှာရှိတဲ့ မင်းရွာမှာ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး တိုက်ပွဲရှောင် ပြည်သူ နှစ်ယောက် သေဆုံးတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” မနေ့ကမနက် ၅ နာရီဝန်းကျင်ကတည်းက ရွာထဲမှာ ပစ်ခတ်တာတွေရှိတယ် ၊ အဲ့ဒါကြောင့် ရွာကလူတွေ တိုက်ပွဲရှောင်နေရင်း လူနှစ်ယောက် လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ ဦးအောင်ဆန်း ၈၀ နှစ် နဲ့ ကိုမျိုးလွင် ၃၉ နှစ်တို့ဖြစ်တယ် ၊ နောက်ပြီး ဒဏ်ရာရသူ ငါးယောက်ထက်မနည်းလည်း ရှိတယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတဲ့ မင်းရွာဟာ ဂန့်ဂေါမြို့နဲ့ ၁၂ မိုင်ကွာဝေးပြီး ၊ ထီလင်းမြို့နဲ့ ၄၂ မိုင်ကြားမှာ တည်ရှိပြီး ရဲကင်းစခန်းတခုရှိတယ်လို့ သိရပါတယ်။ ဂန့်ဂေါနယ်မှာ နေထိုင်တဲ့ အငြိမ်းစား ရဲဝန်ထမ်းတယောက်က ” မနေ့က မင်းရွာဖြစ်စဥ်မှာ ရဲကင်းစခန်း ကျသွားတယ် ၊ အရာရှိတယောက်ရဲ့ အလောင်းတွေ့ရတယ်လို့ သိရတယ် ၊ ကျန်တဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ကျော် ဆက်သွယ်မရ ပျောက်ဆုံးနေတယ် ၊ ရဲကင်းစခန်းလည်း မီးရှို့ခံရတယ် ၊ ပျောက်ဆုံး ရဲတပ်ဖွဲ့ဝင်တွေရဲ့ သတင်းကို ဒီမနက်အထိ ဘာမှ မကြားရသေးဘူး ” လို့ ပြောပါတယ်။
လူမှုကွန်ရက်တွေမှာ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန်မှ မနက် ၁၀ နာရီခန့်အချိန်ထိ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ်၊မင်းရွာရဲကင်းစခန်းကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့ (PDF) ဂန့်ဂေါခရိုင် အမှတ် (၁/၇/၁၁/၁၂/၁၄/၁၉)တပ်ရင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ တို့ပူးပေါင်းကာ စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့ကြောင်း၊ တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးကာ စစ်သုံ့ပန်းအဖြစ် ၁၁ ဦး လက်နက်ချပြီး ၊ လေး ဦးမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဖော်ပြထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဂန့်ဂေါမြို့နယ်ရဲ့ မြောက်ပိုင်းမှာရှိတဲ့ ကန်ရွာ နယ်မြေရဲစခန်းကိုလည်း မနေ့ နိုဝင်ဘာ ၃ ရက် ညပိုင်းက လက်နက်ကြီးတွေ ၊ ဒရုန်းဗုံးတွေ ပစ်ချတိုက်ခိုက်တာတွေခံရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်ကလည်း ဂန့်ဂေါမြို့နယ် လက်ပံကျေးရွာနဲ့ သာကောင်းကျေးရွာကြားမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး လေကြောင်း ပစ်ခတ်မှုတွေကြောင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့က လူ ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ မင်းရွာရဲစခန်းက ရဲတွေ ဖမ်းဆီးခံထားရပုံ ၊
#voiceofmyanmar #VOM # မင်းရွာရဲစခန်းသိမ်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW