ပေကျင်း၊ နိုဝင်ဘာ-၆-၂၀၂၃
မျိုးဆက်(VOM)
မြန်မာစစ်တပ်နဲ့ ပြည်တွင်းလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်လာချိန်မှာ နှစ်နိုင်ငံထိစပ်နေတဲ့ နယ်စပ်ဒေသတည်ငြိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာကို တရုတ်နိုင်ငံက နိုဝင်ဘာ ၆ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
တရုတ်-မြန်မာနယ်စပ်တလျှောက် တည်ငြိမ်အေးချမ်းရေး၊ တရုတ်နယ်စပ်မှာနေထိုင်သူတွေရဲ့ အသက်အိုးအိမ်စည်းစမ်းလုံခြုံရေးနဲ့ ဘေးကင်းရေးအတွက် ခိုင်မာထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေမှာ မြန်မာအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong ကပြောပါတယ်။
“ တိုက်ပွဲတွေကို ချက်ချင်းရပ်ဖို့ ၊ ဆွေးနွေးပွဲတွေကတဆင့် ငြိမ်းချမ်းစွာအဖြေရှာကြဖို့နဲ့ တင်းမာမှုတွေကို ရှောင်ရှားကြဖို့ ပဋိပက္ခမှာပါဝင်နေတဲ့ အဖွဲ့အစည်းအသီးသီးကို တိုက်တွန်းပါတယ်” လို့ တရုတ်နိုင်ငံခြာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်ကလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန်ဟာ ပြီးခဲ့တဲ့ စနေနေ့က တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းမှာ ကျရောက်ခဲ့တာကြောင့် တရုတ်နိုင်ငံသားတယောက် သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ Asia Times သတင်းဌာနက ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကို နိုဝင်ဘာ ၃ ရက်ကနေ ၅ ရက်နေ့ထိ လာရောက်ခဲ့တဲ့ တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rongက မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုကို ပြည်လည်ရရှိလိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ကြောင်း၊ သဘောထားကွဲလွဲမှုတွေကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းဖို့နဲ့ တွေဆုံဆွေးနွေးမှုကနေ အဖြေရှာဖို့ သက်ဆိုင်ရာ အင်အားစုတွေကို တိုက်တွန်းထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို အာမခံဖို့ သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ တိုက်တွန်းခဲ့ပါသေးတယ်။
Ref:Reuters
Photo:Reuters