ကောလင်းကို တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေက သိမ်းလိုက်တယ်ဆိုတဲ့နောက် အနီးဝန်းကျင်က မြို့နယ်တွေရဲ့အခြေအနေ

 

နိုဝင်ဘာ ၊ ၇ ၊ ၂၀၂၃

SP ( VOM)

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကနေ ၆ ရက်အထိ သုံးရက် ၊ သုံးည တိတိအချိန်ကြာ တိုက်ခိုက်မှုတွေပြင်းထန်ပြီးနောက် စစ်ကိုင်းတိုင်း ကောလင်းခရိုင် ၊ ကောလင်းမြို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီနောက် ကောလင်းခရိုင်ထဲက မြို့နယ်တွေအပြင် အနီးနားက မြို့နယ်တွေမှာ ဘာတွေဆက်ပြီးဖြစ်နေလဲဆိုတာ သိရဖို့ ဒေသခံတွေဆီကို VOM က ဆက်သွယ်မေးမြန်းထားပါတယ်။

ကောလင်းမြို့အခြေအနေ

” ကောလင်းမြို့ဆိုတာ တချိန်က ကသာခရိုင်ထဲက မြို့နယ်တခုဖြစ်တယ် ၊ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ခရိုင်အဆင့်မြို့အဖြစ် စတင်သတ်မှတ်တယ် ၊ ခရိုင်အဆင့် မြို့အဖြစ် အသက်ဝင်တာ NLD အစိုးရလက်ထက်မှာဖြစ်တယ် ၊ နောက်ပြီး မြို့တည်နေရာ အနေအထားက ကုန်းတွင်းပိတ် မြို့ဖြစ်ပြီး ၊ တချိန်က မီးရထားလမ်း တခုတည်းသာ အရောက်အပေါက်ရှိတယ် ၊ ကုန်လမ်းနေတဆင့် သွားမယ်ဆိုရင် ကန့်ဘလူ ၊ ကျွန်းလှ မြို့နယ်ကနေသွားရတယ် ၊ အုပ်ချုပ်မှု လက်လှမ်းမမှီဘူး ၊ အဲ့ဒါကြောင့် နဝတ လက်ထက်မှာ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းကို ဖောက်လုပ်ခဲ့တယ် ၊ ကောလင်းဆိုတာ ၊ ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းရဲ့ ခရီးတဝက်နေရာဖြစ်တယ် ၊ အဲ့ဒီ ရွှေဘို – မြစ်ကြီးနား ကားလမ်း တဝက်နေရာ ကျောက်တန်း ယာဥ်ရပ်နားစခန်းကနေ အနောက်ဘက် တောင်တန်းတွေကို ဖြတ်ပြီး သွားမှ ကောလင်းမြို့ကို ရောက်တယ် ၊ ကောလင်းမြို့က ခရိုင်အဆင့်မြို့လို့ ပြောရလောက်အောင် ခရိုင်အဆင့် မြို့အင်္ဂါရပ်တွေနဲ့ ညီညွတ်မှုမရှိဘူး ၊ တည်ဆောက်နေဆဲဖြစ်တယ် ၊ ၈၈ နောက်ပိုင်း မြို့ကြီး မီးလောင်တော့ ရဲစခန်း ၊ စျေး နဲ့ လူနေအိမ်တွေ ပါသွားတယ် ၊ အဲ့ဒါကြောင့် မြို့နယ်ရဲစခန်းနဲ့ မြို့မရဲစခန်းနေရာကို မြို့ပြင်ထုတ်ပြီး စခန်းသစ်တည်ခဲ့တယ် ၊ အဲ့ဒါကြောင့် မြို့လုံခြုံရေး အတွက်ရော ၊ စခန်းတွေ လုံခြုံရေးအတွက်ပါ စိတ်ချရတဲ့ အနေအထားမရှိဘူး ဖြစ်တယ် ၊ အခု တိုက်ပွဲဖြစ်တဲ့အခါမှာလည်း စခန်းအနောက်ဘက် လယ်ကွင်းစပ်ကနေ အင်အား အလုံးအရင်းနဲ့ ဝင်လာတယ် ၊ နောက်ပြီး စုပေါင်းရုံးတွေဖြစ်တဲ့ စီးပွားရေးဘဏ် ၊ မြေစာရင်းရုံး ၊ မြို့နယ် ထွေ/ အုပ်ရုံးနဲ့ ရဲစခန်းတွေ အရင်ဆုံး တိုက်ခံရတယ် ၊ အဲ့ဒီ တိုက်ခိုက်မှုမှာ မြေပြင်အခြေအနေ တုန့်ပြန်နိုင်စွမ်း မရှိတာကြောင့် လေကြောင်းပစ်ကူပေးပြီး တိုက်ခိုက်တယ် ၊ အဲ့ဒါကြောင့် ပြင်ဥဦးလွင်ဆိုတဲ့ရပ်ကွက်ရဲ့ သုံးပုံ ၊တပုံလူနေ အဆောက်ဦးတွေ ပျက်စီးသွားတယ် ၊ နောက်ပြီး မြေပြင်မှာ နေရာအနှံ့ ထိုးစစ်တွေ ဝင်ရောက်လာတော့ မြို့လုံခြုံရေး အတွက် တပ်ဖြန့်ထားတာတွေကို တပ်ပြန်စုပြီး ဆုတ်ခွာသင့်တဲ့ နေရာတွေကို ဆုတ်ခွာပေးလိုက်ရတယ် ၊ အဲ့ဒီလို ဆုတ်ခွာပေးရတဲ့ နေရာတွေကတော့ ရဲစခန်းနဲ့ အခြားရုံးဌာန ငါးခုလောက်ပါတယ် ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ထိခိုက်သေဆုံးတာတော့ မကြားမိသေးဘူး ၊ အခု သုံးရက်တာအတွင်း ရုံးလုပ်ငန်းတွေတော့ ရပ်တန့်သွားတယ် ” လို့ ကောလင်းမြို့နယ်က နေရပ်စွန့်ခွာလာတဲ့ ဒေသခံ တယောက်က ပြောပါတယ်။

ပင်လည်ဘူးမြို့ အခြေအနေ

ပင်လည်ဘူးမြို့ဟာ ကောလင်းခရိုင်ထဲက မြို့နယ်တခုဖြစ်ပြီး ကောလင်းမြို့ရဲ့ အနောက်မြောက်ဘက် ၊ တောင်တန်းတွေကြားမှာ ရှိပြီး ၊ ရွှေဘို – ဖောင်းပြင် – ဟုမ္မလင်း ကားလမ်းမှာ တည်ရှိတာပဲ ဖြစ်ပါတယ်။

အဲ့ဒီ ပင်လည်ဘူးမြို့ခံ တယောက်က ” ပင်လည်ဘူးမြို့ဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း နယ်နမိတ်ချင်း ထိစပ်တယ် ၊ ပြီးခဲ့တဲ့ ၂၀၂၂ တုန်းက မြို့လုံခြုံရေး အဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ တိုက်ပွဲဖြစ်တယ် ၊ ထွေ / အုပ်ရုံး အပါအဝင် ရုံးဌာန ငါးခုထက်မနည်း မီးလောင်တယ် ၊ လူနေရပ်ကွက် တချို့ ဖျက်ဆီးခံရတယ် ၊ အခုထိ ပြန်လည်တည်ဆောက်ရေးတွေ မလုပ်နိုင်သေးဘူး ၊ မြို့ခံ လူဦးရေရဲ့ သုံးပုံ ၊ တပုံဟာ အဲ့ဒီကတည်းက တခြားမြို့ရွာတွေကို ပြောင်းရွှေ့သွားကြတယ် ၊ အခုလတ်တလောမှာတော့ မြို့ရဲ့ လူဦးရေ သုံးပုံ ၊ တပုံလောက်ပဲကျန်တော့တယ် ၊ ကောလင်းမြို့ ထိန်းချုပ်ခံရပြီလို့ ကြားရတော့ ပင်လည်ဘူးမှာ အရင်လို တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ကြောက်ပြီး ဒေသခံ အများစု နေရပ်စွန့်သွားတာတွေများတယ် ၊ ကောလင်းတိုက်ပွဲ လေးရက်တာအတွင်း ပင်လည်ဘူးမှာ ယာဥ်အဝင်အထွက် မရှိတော့ဘူး ၊ စျေးဆိုင်တွေလည်း ကုန်စည်ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဆိုင်တွေ ပိတ်ထားကြတယ် ” လို့ ပင်လည်ဘူး ဒေသခံတယောက်က ပြောပါတယ်။

ဝန်းသိုမြို့ အခြေအနေ

ဝန်းသိုမြို့ဟာ ကောလင်းခရိုင်ထဲက မြို့နယ် တခုဖြစ်ပြီး ကောလင်းမြို့ရဲ့ မြောက်ဘက် ၁၂ မိုင် ဝန်းကျင်ခန့် ဝေးတယ်လို့ သိရပါတယ်။

ဝန်းသိုမြို့ခံ တယောက်က ” ဝန်းသိုမြို့ဟာ ကောလင်းခရိုင်နဲ့ အနီးစပ်ဆုံး မြို့ဖြစ်တယ် ၊ ဝန်းသိုမှာ စစ်တပ်နဲ့ ပြည်သူ့စစ်တွေ ရှိတယ် ၊ ကောလင်းမြို့ခံတွေတချို့ ဝန်းသိုဘက်ကို ပြောင်းလာကြတယ် ၊ အခုအခြေအနေကတော့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတယ် ၊ မြို့ဝင် မြို့ထွက်ကားတွေ သိပ်မရှိဘူး ၊ လုံခြုံရေး အခြေအနေကြောင့်လား ၊ လမ်းပန်းဆက်သွယ်ရေးကြောင့်လား မသိဘူး သွားတာလာတာ မရှိဘူး ၊ ကောလင်း ကိစ္စ ၊ ဝန်းသိုဘက်မှာ ကူးစက်လာမှာကို စိုးရိမ်ပြီး စျေးတွေ ဆိုင်တွေ မဖွင့်ကြဘူး ၊ မြို့ပေါ်မှာတော့ လူသွားလူလာ မရှိသလောက်နည်းတယ် ” လို့ ပြောပါတယ်။

ထီးချိုင့်မြို့ အခြေအနေ

ထီးချိုင့်မြို့ဟာ ကသာခရိုင်ထဲက မြို့နယ်တခုဖြစ်ပြီး ကောလင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၊ ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိတာဖြစ်ပါတယ် ၊ ထီးချိုင့်မြို့နယ်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်း နဲ့ မန္တလေးတိုင်းကို ထိစပ်နေတဲ့ နေရာတခုဖြစ်တယ်လို့ သိရပါတယ်။

ထီးချိုင့် မြို့ခံတယောက်က ” ထီးချိုင့်မြို့နယ်မှာ မင်းဝံတောင်ဆိုတာ ရှိတယ် ၊ အဲ့ဒီဘက်တွေမှာ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ နေတယ် ၊ နေရာအတိကျတော့ မသိဘူး ၊ အဲ့ဒီဘက်က ဒေသတွင်း လက်နက်ကိုင်တွေက ထီးချိုင့်မြို့ခံတွေကို အခု လာမယ့် ၈ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်စွန့်ခွာပေးကြဖို့ ဆော်သြနေတယ် ၊ ထီးချိုင့်မြို့က တတ်နိုင်တဲ့ လူတချို့ကတော့ မန္တလေးဘက်ကို သွားကြပြီ ၊ မြို့ရဲ့ သုံးပုံ ၊ နှစ်ပုံလောက် လူမရှိတော့ဘူး ၊ စျေးဆိုင်တွေ ပိတ်ထားတာများတယ် ၊ ရေလမ်း ၊ ကုန်းလမ်း အသွားအလာတွေ မရှိဘူး ၊ မြတောင် (ဧရာဝတီမြစ် တဖက်ကမ်း)ဘက်က တရုတ်နီကယ် စက်ရုံတွေဘက်မှာတော့ ပုံမှန်အတိုင်း အသွားအလာတွေရှိတယ် ၊ ကောလင်းကိစ္စ ကူးစက်လာမှာကို စိုးရိမ်ရတာကြောင့် တချို့လည်း အပြီးတိုင် မြို့ကိုစွန့်ခွာနေကြတယ် ၊ မန္တလေး မြစ်ကြီးနား ကားတွေဝင်တာနည်းသွားတယ် ” လို့ပြောပါတယ်။

အဲ့ဒီ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း လုံခြုံရေး အဖွဲ့ဆီ ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

ဒါ့အပြင် ၂၀၁၅ အရင်တုန်းက ကသာခရိုင်ထဲမှာ ကသာ ၊ အင်းတော် ၊ ဗန်းမောက် ၊ ထီးချိုင့် ၊ ပင်လည်ဘူး ၊ ဝန်းသို ၊ ကောလင်းဆိုပြီး မြို့နယ် ခုနှစ် မြို့နယ်ရှိတဲ့အနက်က ကောလင်း ၊ ပင်လည်ဘူး ၊ ဝန်းသိုဆိုပြီး မြို့နယ် သုံးခုကို ကောလင်းခရိုင် အဆင့် တိုးမြှင့် ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်စပြီး နိုဝင်ဘာ ၆ ရက်အထိ ကောလင်းခရိုင်မြို့မှာ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေနဲ့ မြို့လုံခြုံရေး အဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ကောလင်းမြို့ကို ထိန်းချုပ်လိုက်တာလို့ သိရပါတယ်။

အဲ့ဒါကြောင့် ကောလင်းခရိုင်နားက မြို့နယ်တွေမှာ ကောလင်းကိစ္စ ကူးစက်လာမှာကို စိုးရိမ်နေကြပြီး တိမ်းရှောင်းနေကြတာလို့ သိရပါတယ်။

အဲ့ဒီ အပြင် လူမှုကွန်ရက်ပေါ်မှာ NUG က ကောလင်းမြို့ကို သိမ်းပိုက်ထားလိုက်ပြီလို့ သတင်းထုတ်ပြန်တာတွေတွေ့ရပါတယ်။နစက ပြန်ကြားရေးအဖွဲ့ကတော့ ထုတ်ပြန်တာမရှိသေးပါဘူး။

Related posts

Leave a Comment

VOM News

FREE
VIEW