ချင်းတွင်းမြစ်ကူးတဲ့ ဆင်ဖြူရှင်တံတားဂိတ်မှာ တိုက်ပွဲဖြစ်လို့ နှစ်ဘက် သေဆုံးတာတွေရှိ

နိုဝင်ဘာ ၊ ၇ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်နဲ့ မကွေးတိုင်း ၊ ရေစကြိုမြို့နယ်ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ချင်းတွင်းမြစ်ကူး ဆင်ဖြူရှင်တံတား ရဲ့ အနောက်ဘက် မကွေးတိုင်းဘက်မှာရှိတဲ့ လုံခြုံရေး ဂိတ်စခန်းကို မနေ့ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်တာကိုခံရပြီး နှစ်ဘက် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” မနေ့က မနက် ၉ နာရီဝန်းကျင်မှာ တိုက်ပွဲစဖြစ်တယ် ၊ ရဲ တပ်ကြပ် ဌေးမောင်းနဲ့ ရဲတပ်သား တယောက်သေတယ် ၊ လေးဦး ဒဏ်ရာရတယ် ၊ ဒေသတွင်း လက်နက်ကိုင် အဖွဲ့ဘက်ကလည်း တယောက်သေတယ် ၊ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ် ၊ အရေအတွက် မသိရသေးဘူး ၊ အဲ့ဒါကြောင့် မန္တလေး ၊ မုံရွာ ၊ ပခုက္ကူကားတွေ အသွားအလာ မရှိတော့ဘူး ၊ ဆင်ဖြူရှင်လမ်းက ပိတ်ထားသလို ဖြစ်နေတယ် ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့တွေဆီကို VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး ။
ဒါ့အပြင် အဲ့ဒီ ဆင်ဖြူရှင် ချင်းတွင်းမြစ်ကူးတံတားဟာ မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲက မြို့နယ်တွေနဲ့ ချိန်ဆက်ထားတဲ့ အပြင် ချင်းပြည်နယ် တောင်ပိုင်းနဲ့လည်း ချိတ်ဆက်ထားတဲ့ တံတားဖြစ်တယ်လို့ သိရပါတယ်။
” အဲ့ဒီ တံတာက ဟိုဘက်ထိပ် ၊ ဒီဘက်ထိပ်တွေမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးတွေက လုံခြုံရေး ဂိတ်တွေချထားတယ် ၊ တံတားဖြတ်သန်းခ အပြင် ကုန်စည်အလိုက် ပိုက်ဆံတောင်းတာတွေရှိတယ် ၊ မကွေးတိုင်းဘက်က ရေနံစိမ်း ထွက်တော့ ရေနံစိမ်းကားတွေ ဖြတ်သန်းတယ် ၊ အခု တိုက်ခိုက်ခံရတဲ့ဘက်က မြိုင်မြို့နယ် ၊ ဆားလင်းကြီးမြို့နယ် ၊ ပုလဲမြို့နယ်နဲ့တွေပါ ထိစပ်နေတယ် ၊ အဲ့ဒါကြောင့် ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေပေါင်းပြီး တိုက်ခံရတာဖြစ်တယ် ” လို့ ရေစကြိုမြို့နယ် ၊ မအူရွာနေ ဒေသခံ တယောက်က ပြောပါတယ်။
အဲ့ဒီ ဂိတ်စခန်းက ပြီးခဲ့တဲ့ ၂၀၂၂ တုန်းကလည်း အခုလို တခါဖြစ်ခဲ့တာကြောင့် ရဲ သုံးယောက်သေပြီး ၊ ခုနှစ်ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် ဝန်းကျင်က ရေစကြိုမြို့နယ် ၊ ပခန်းကြီး နယ်မြေရဲစခန်းမှာ တာဝန်ကျတဲ့ ရဲတပ်ကြပ် တယောက် ပစ်သတ်ခံရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက် ၊ မနက် ၅ နာရီဝန်းကျင်က မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ဂွေးချိုကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၆ ယောက်ဟာ စျေးဝယ်သွားရင်း လမ်းမှာ ပစ်သတ်ခံရပြီး လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW