နိုဝင်ဘာ ၈-၂၀၂၃
SN (VOM)
လောက်ကိုင်-ချင်းရွှေဟော်ကြား၊ ပါစင်ကျော်အနီး ပိတ်မိနေတဲ့ ခရီးသည်ကားတွေကို မနေ့ နိုဝင်ဘာ ၇ ရက်ကစလို့ အကန့်အသတ်နဲ့ ပေးဖြတ်နေပြီဖြစ်တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းအဖွဲ့တွေဆီက သိရပါတယ်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နိုဝင်ဘာ ၅ ရက်နေ့က လောက်ကိုင်ကနေ လားရှိုးကို ပြန်လာတဲ့ ခရီးသည်တင်ကားနဲ့ အိမ်စီးကားအပါအဝင် ကားအစီးရေ ၁၀၀ ကျော်နဲ့ လူပေါင်းရာနဲ့ချီ လမ်းခရီးမှာ ပိတ်မိနေခဲ့တာဖြစ်ပြီး စားသောက်နေထိုင်ရေး အခက်အခဲတွေလည်း ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပိတ်မိနေတဲ့ကားတွေကို အကန့်အသတ်နဲ့ ပေးဖြတ်နေပြီဖြစ်ကာ တချို့မှာ မနေ့ နိုဝင်ဘာ ၇ ရက်နေ့ညကတည်းက “ဝ” နဲ့ ချင်းရွှေဟော်ကို ဘေးကင်းစွာ ရောက်ရှိနေကြပြီဖြစ်တယ်လို့ သိရပါတယ်။
“ဟုတ်ပါတယ်၊ ပေးဖြတ်နေပါပြီ။ အခု ချင်းရွှေဟော်ထဲ ပြန်ရောက်ကြတယ်။ “ဝ” ပြည်ထဲ ပြန်ရောက်ကြတယ်။ တိုက်ပွဲတွေကလည်း ဖြစ်နေတော့ အခြေအနေကြည့်ပြီး ပေးဖြတ်နေတာဆိုတော့ ကျွန်တော့်ခန့်မှန်းခြေပေါ့၊ နောက်သုံးရက်လောက်မှ ပိတ်မိနေသူတွေ အကုန်ကုန်မယ်ထင်တယ်။ ဒါပေမယ့် အခြေအနေတွေက အချိန်နဲ့အမျှ ပြောင်းလဲနေတာဆိုတော့ အတိအကျတော့ ပြောလို့မရဘူး။ တိုက်ပွဲဖြစ်ရင် ပြန်ပိတ်မှာ” လို့ ဒေသခံတဦးက ပြောပါတယ်။
လက်ရှိမှာ ဂုတ်တွင်းလမ်းကြောကလည်း တိုက်ပွဲပြင်းထန်နေတဲ့အတွက် သွားလာလို့မရသေးသလို ကွမ်းလုံမှာလည်း ပစ်ခတ်မှုတွေ ဖြစ်နေဆဲလို့ သိရပါတယ်။
လက်ရှိ ပိတ်မိနေတဲ့ ခရီးသည်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်က လောက်ကိုင်မြို့မှ တိုက်ပွဲရှောင်ပြည်သူတွေ သုံးရက်ကြာ ခြေလျင်လျှောက်ပြီး ပြန်လာကြတယ်ဆိုတဲ့ ဗီဒီယိုဖိုင်တခု လူမှုကွန်ယက်ပေါ် ပျံ့နှံ့ခဲ့တာကြောင့် လောက်ကိုင်ကနေ ချင်းရွှေဟော်ကို အုပ်စုလိုက်ခွဲပြီး ပြန်ကြရာကနေ အခုလို ပိတ်မိနေကြတာ ဖြစ်ပါတယ်။
လက်ရှိ ပိတ်မိနေကြတဲ့ နေရာတွေမှာ မြန်မာဘက်က ဖုန်းလိုင်း အသုံးပြုလို့မရဘဲ တရုတ်ဖုန်းကတ်တွေသာ အသုံးပြု ဆက်သွယ်နေရတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆင်ရေးကာလအတွင်း အင်အား တိုးချဲ့လာမယ့် နစကတပ်ကို ပိတ်ဆို့ဟန့်တားနိုင်ဖို့အတွက် လားရှိုး-ချင်းရွှေဟော်နဲ့ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမတွေကို အရေးပေါ် ပိတ်ဆို့လိုက်တယ်လို့ MNDAA က ကြေညာထားပြီး အဲဒီကာလအတွင်း ဘာကိစ္စပဲဖြစ်ဖြစ် ဖြတ်သန်းသွားလာခွင့် မပြုကြောင်း အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Photo Crd – Original Uploader