တီးတိန်မြို့မှာ ကားတစီး ပေါက်ကွဲမှုဖြစ်ပြီး ကားပေါ်ပါလာတဲ့ လူ သုံးဦးစလုံး သေဆုံး

 

နိုဝင်ဘာ ၊ ၈ ၊ ၂၀၂၃

SP (VOM)

ချင်းပြည်နယ် မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ တီးတိန်မြို့ ၊ လွယ်ဘွားလ် ရပ်ကွက် ၊ အထက၂ လမ်းခွဲနားမှာ မနေ့ နိုဝင်ဘာ ၇ ရက် ညပိုင်းက ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပြီး ကားပေါ်မှာ လိုက်ပါသူ လူအားလုံး သေဆုံးသွားတယ်လို့ တီးတိန်မြို့မှာရှိတဲ့ ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က ည ၆ နာရီဝန်းကျင်မှာ ပေါက်ကွဲတယ် ၊ ပေါက်ကွဲတဲ့ ကားက Surf ကားအမျိုးအစားဖြစ်တယ် ၊ ကားရော လူတွေပါ တစဆီဖြစ်သွားတယ် ၊ အလောင်းကောက်ဖို့တောင် ကိုယ်ခန္ဓာ အပိုင်းအစတွေ ရှာယူနေရတယ် ၊ ဘေးပတ်ဝန်းကျင်တော့ အဆောက်ဦး တချို့ပျက်စီးသွားတယ် ၊ ပေါက်ကွဲတဲ့ ကားပေါ်မှာ ပါလာတဲ့ လူတွေကလွဲပြီး တခြား ဘေးပတ်ဝန်းကျင်က လူတွေ ထိခိုက်သေဆုံးတာ မရှိဘူး ” လို့ တီးတိန်မြို့ခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် ဒေသခံ တယောက်က ” ညက ပေါက်ကွဲတဲ့ကားက CNA ကားဖြစ်တယ်လို့ ဒီမနက် သတင်းတွေ သိရတယ် ၊ အဲ့ဒီ ကားပေါ်မှာ လိုက်ပါတဲ့ သူ သုံးယောက်ဖြစ်တယ်၊ သူတို့ သုံးဦးစလုံးက CNA အဖွဲ့က ဒု ဗိုလ် ဆလိုင်း အဲလစ်မာ၊ဆလိုင်း ရိုနာလ် နဲ့ ဆလိုင်းဂျိုးဆွတို့ဖြစ်တယ်လို့ သတင်းထုတ်ပြန်လာတာကို တွေ့ရတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ချင်းပြည်နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပေါက်ကွဲအားက အတော်ကို ပြင်းတယ် ၊ ကားတစ်စီးလုံး ရစရာမရှိဘူး ၊ ကားဗုံးပေါက်ကွဲတာလား ၊ ကားပေါ်မှာ ယမ်းတွေသယ်ယူလာတာကနေ ပေါက်ကွဲတာ အဖြေမသိရသေးဘူး ၊ ခြေလက် အပိုင်းအစတွေ စီစစ်ချက်အရတော့ အနည်းဆုံး လူသုံးယောက် ကားပေါ်မှာ လိုက်ပါလာတယ်လို့ ယူဆရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်မှာ အခုလို ကားပေါက်ကွဲမှုဖြစ်ပွားတာဟာဆိုရင် ပထမဆုံး အကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က ချင်းပြည်နယ်မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ တီးတိန်မြို့နယ် ၊ ထွယ်မွှေးလ် ( Thal Mual) ကျေးရွာနဲ့ တီးတိန်မြို့ကိုသွားတဲ့ တောင်ပေါ်မြေသား ကားလမ်းမှာ လူခြောက်ယောက် မောင်းနှင်လာတဲ့ကားတစီးဟာ တောင်အောက် ချောက်ထဲပြုတ်ကျ တိမ်းမှောက်ခဲ့လို့ ကားပေါ်ပါ လူ ခြောက်ယောက်စလုံး သေဆုံးတယ်လို့ တီးတိန်ခရစ်ယာန် ဂိုဏ်းပေါင်းစုံ မိတ်သဟာယ အဖွဲ့ဆီက သိရပါတယ်။

ဓာတ်ပုံ ၊ တီးတိန်မြို့ခံ တဦး

 

Related posts

Leave a Comment

VOM News

FREE
VIEW