ဆိုးလ်၊ နိုဝင်ဘာ-၈-၂၀၂၃
မျိုးဆက်(VOM)
တောင်ကိုရီးယားနိုင်ငံမှာ ကြမ်းပိုးတွေပျံ့ပွားမှု နိုင်ငံတဝန်းဖြစ်ပေါ်လာမှာကို စိုးရိမ်ပူပန်မှုတွေရှိနေချိန်မှာ ကြမ်းပိုးနှိမ်းနှင်းရေး လှုပ်ရှားမှု တလကြာ ပြုလုပ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရက ကြေညာလိုက်ပါတယ်။
နိုင်ငံတဝန်းမှာ ကြမ်းပိုးတွေပျံ့ပွားနေတဲ့ နေရာ ၃၀ ကျော်ထိ မြင့်တက်လာပြီးနောက်မှာ ကြမ်းပိုးနှိမ်းနှင်းရေး တလကြာလုပ်ဆောင်မယ့်အစီအစဉ်ကို တောင်ကိုရီးယားအစိုးရက ကြေညာလိုက်တာဖြစ်ပါတယ်။
အဲဒီအစီအစဉ်အရ နိုဝင်ဘာ ၁၃ ရက်ကနေ ဒီဇင်ဘာ ၈ ရက်ထိ ကြမ်းပိုးတွေခိုအောင်နိုင်တဲ့ အဆောက်အအုံတွေမှာ ကြမ်းပိုးနှိမ်နှင်းရေးတွေလုပ်သွားမှာဖြစ်ပြီး ရေချိုးခန်းတွေ၊ အဆောင်တွေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေလည်း ပါဝင်ပါတယ်။
ကြမ်းပိုးတွေကို တွေ့ရှိတာနဲ့ ချက်ချင်းပိုးသတ်ဆေးဖြန်း နှိမ်နှင်းသွားမှာဖြစ်ကြောင်း တောင်ကိုရီးယားအခြေစိုက် ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကစပြီး ၁၀ နှစ်တာကာလအတွင်း ကြမ်းပိုးပျံ့ပွားတဲ့နေရာ ကိုးခုသာရှိခဲ့ပြီး တောင်ကိုရီးယားအာဏာပိုင်တွေဟာ ကြမ်းပိုးကူးစက်မှု ထိန်းချုပ်ရေးအစီအမံတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ အဆင့်မြှင့်တင်ဖို့ အပတ်စဉ်အစည်းအဝေးတွေ ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပိုမိုထိရောက်ကောင်းမွန်တဲ့ ပိုးသတ်ဆေးတွေတင်သွင်းပြီး ကြမ်းပိုးကူးစက်မှုလမ်းကြောင်းနဲ့ ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကိုရှာဖွေသွားမှာဖြစ်ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူတွေက ပြောပါတယ်။
Ref:AFP
Photo:Yonhap/Getty Images