နိုဝင်ဘာ ၊ ၈ ၊ ၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ၊ မြို့နယ်စည်ပင်သာယာစျေးနားမှာရှိတဲ့ ရွှေဘိုမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာတွေရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” ဒီမနက် ၁၀ နာရီဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်တာပါ ၊ ရုံးအဆောက်ဦးထဲမှာ ပေါက်ကွဲတာဖြစ်တယ် ၊ တယောက်ယောက်က ဗုံးထောင်ဖောက်ခွဲတာဖြစ်နိုင်တယ် ၊ ပေါက်ကွဲရတဲ့ အကြောင်းအရင်းကို စီစစ်နေတုန်းဆိုတော့ အဖြေမှန် ပြောဖို့ စောသေးတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ဦးပြည့်ဖြိုးအောင် အပါအဝင် လူ နှစ်ဦး ဒဏ်ရာရတယ် ” လို့ စစ်ကိုင်းတိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဒါ့အပြင် ရွှေဘိုခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့ နိုဝင်ဘာ ၇ ရက်ကလည်း ရွှေဘို စုပေါင်း ကားကွင်းမှာ ပေါက်ကွဲမှုဖြစ်လို့ ခရီးသည် နှစ်ယောက် ဒဏ်ရာရတယ် ၊ အဲ့ဒါအပြင် ရွှေဘိုမြို့နယ် ၊ မြင်းချင်းရွာက မင်္ဂလာဆောင်ပွဲမှာ ဒရုန်းဗုံးနဲ့ ပစ်ချခံရပြီး ပေါက်ကွဲလို့ ကျန်းမာရေးဌာနက ကြီးကြပ် ၂ သူနာပြုဆရာမလေး တယောက် သေဆုံးတယ် ၊ နောက်ပြီး မင်္ဂလာဆောင်လာတဲ့ ဧည့်သည် ၃၀ ကျော် ထိခိုက်ဒဏ်ရာရတယ် ” လို့ ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၇ ရက် ညနေပိုင်းကလည်း ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ ဝန်ထမ်း အိမ်ယာထဲကို ဒရုန်းဗုံးတလုံးကျရောက်ပေါက်ကွဲခဲ့လို့ ဆော့ကစားနေတဲ့ ကလေး ၁၀ ယောက်ကျော် ထိမှန်ပြီး ဒဏ်ရာရတယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် ရွှေဘိုနယ်အတွင်းမှာ ၂၄ နာရီအတွင်း ပေါက်ကွဲမှုတွေဖြစ်လို့ လူ ၄၀ ကျော် ထိခိုက်ဒဏ်ရာရပြီး ဝန်ထမ်းတယောက် သေဆုံးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။