မန္တလေး ၊ နိုဝင်ဘာ- ၉- ၂၀၂၃
SA(VOM)
မန္တလေးမှာ ညဘက်အပြင်မထွက်ရ ထွက်ရင် ပေါ်တာဆွဲတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေထွက်ပေါပြီး နောက်ပိုင်း မန္တလေးမြို့ခံတွေကစိုးရိမ်နေကြတဲ့အတွက် ညမထွက်ရအမိန့်ထုတ်ပြန်တာမရှိကြောင်းနဲ့ ပေါ်တာဆွဲတာမရှိကြောင်းကို သက်ဆိုင်ရာက လိုက်လံ သတိပေးနေတာကို တွေ့ရပါတယ်။
အရင်က မန္တလေးခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်အများစုကို ညမထွက်ရအမိန့်ထုတ်ပြန်ထားပေမယ့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ကစလို့ မန္တလေးခရိုင်အတွင်းက အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပုသိမ်ကြီးမြို့နယ်၊ ပြည်ကြီးတံခွန် နဲ့ အမရပူရမြို့နယ်တွေမှာ နယ်မြေအေးချမ်းလာတဲ့အတွက် ညမထွက်ရအမိန့်ကို အကန့်အသတ်မရှိ ပယ်ဖျက် ရုတ်သိမ်းကြောင်း သက်ဆိုင်ရာက ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
လက်တလော social media မှာ ကောလဟာလသတင်းတွေပျံနှံ့နေတဲ့ ညဘက် ပေါ်တာဆွဲ လူစုဆောင်းတာမျိုး မရှိကြောင်းနဲ့ အဓမ္မလုပ်သားအဖြစ် ခေါ်ယူစုဆောင်းခြင်းမျိုး မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိတာကို တွေ့ရပါတယ်။
အလားတူပဲ စစ်ကိုင်းနဲ့ မန္တလေးကိုကူးတဲ့ ရတနာပုံ တံတားပိတ်တယ်ဆိုတဲ့ သတင်းကြောင့် စစ်ကိုင်းဘက်ခြမ်းက ဒေသခံကိုမေးကြည့်တော့
“ မနေ့ နေ့လယ်ပိုင်းက စစ်ကိုင်းတံတား အရှေ့ဘက်ခြမ်းမှာ စစ်ကိုင်းတိုင်းအတွင်းက ဒေသတွင်းလက်နက် ကိုင်အဖွဲ့တွေကို အလိုမရှိကြောင်း တံတားကိုအသွား အလာ ယာယီကန့်သက်ပြီးတော့ ဆန္ဒပြခဲ့တဲ့အတွက် အဲ့ဒီတံတားကို တနာရီလောက် ပိတ်ထားတာပါ ခုသွားလာလို့ရပါတယ်” လို ပြောပါတယ်။
ခုလက်ရှိမှာ အဲ့ဒီတံတားကို ပုံမှန်ဖြတ်သန်းသွားလာခွင့်ပေးထားတယ်လို့ သိရပါတယ်။ဖြတ်သန်းသွားလာလို့ရပေမယ့် အမရပူရမြို့နယ်မှာ ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ချက်တွေကို စက်တင်ဘာလ ၂၉ ရက်နေ့ရက်စွဲနဲ့ ကန့်သတ်ထုတ်ပြန်စာတစောင်နဲ့ ထုတ်ပြန်ကန့်သတ်ထားပါသေးတယ်။ အဲ့ဒီထုတ်ပြန်ချက်မှာတော့ အမရပူရမြို့နယ်အတွင်း ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ယောက်မစီးရ၊ အမျိုးသမီးတစ်ဦးနောက်မှာ အမျိုးသားတဦးလိုက်ပါစီးနင်းခြင်း မပြုရ၊ အမျိုးသားတဦးနောက်မှာတော့ အမျိုးသမီးတဦး လိုက်ပါစီးနင်းနိုင်သည်၊ အမျိုးသမီးနှစ်ဦး စီးနင်းခွင့်ပြုသည် ဆိုပြီး ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
လတ်တလောအခြေအနေမှာ ညမထွက်ရအမိန့်ထုတ်ပြန်တာမရှိပေမယ့် ညပိုင်း မန္တလေးလမ်းတွေပေါ်မှာ အသွားအလာတော့ အတော်ကျဲနေတာတွေ့ရပါတယ်။