နိုဝင်ဘာ ၁၀ – ၂၀၂၃
SN (VOM)
ပြည်တွင်းမှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက်ပိုင်း ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ပဲခူးတိုင်း၊ ဝေါမြို့နယ် စစ်တောင်းတံတားက ညောင်ခါးရှည် X Ray စစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာခွင့်ကို နစက က ပြန်လည်တင်းကျပ်နေတယ်လို့ ကုန်သည်တွေနဲ့ အဝေးပြေးယာဉ်မောင်းတွေဆီက သိရပါတယ်။
လက်ရှိမှာ နစက က လုံခြုံရေးအကြောင်းပြချက်နဲ့ X-Ray စစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာ ၃ ရက်နေ့မှစတင်ကာ မော်တော်ယာဉ်တွေကို အချိန်ကြာမြင့်စွာ အသေးစိတ်စစ်ဆေးနေပြီး အဲ့ဒီ့လို စစ်ဆေးနေတာဟာ ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့အထိဆို တပတ်ခန့်ရှိနေပြီဖြစ်တဲ့အတွက် ကားအစီးရေ ထောင်နဲ့ချီ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“သူတို့ စစ်ဆေးနေတာက နိုဝင်ဘာ ၃ ရက်နေ့ကတည်းကပဲ။ တစီးချင်းစီကို အသေးစိတ် အချိန်အကြာကြီးစစ်နေတာ။ အရင်ကတော့ ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင် Express ယာဉ်တွေပဲ စစ်တာ။ ဒါပေမယ့် နိုဝင်ဘာ ၇ ရက်နေ့ကနေစပြီး အိမ်စီးကားတွေပါစစ်နေတယ်။ အဲ့ဒါကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေက ပိုဆိုးကုန်တာပေါ့။ စစ်တောင်းဘက်ဆိုရင် ညောင်ခါးရှည် ရွာကျော် မျက်စိတဆုံးပဲ။ ဝေါဘက်ဆိုရင် တမန်ကြီးရွာကွေ့ အထိပဲ။ ဒိုက်ဦး ညောင်ခါးရှည်လမ်းတောင် ကားအစီး ၁၀၀ လောက်ရှိတယ်။ ကားတန်းကလည်း အတန်း ငါးတန်းဖြစ်နေတယ်။ သေချာ ကြပ်မတ်ပေးမယ့်သူလည်း မရှိတော့ သူ့ထက်ငါအပြိုင် ရှေ့တိုးကြ၊ တန်းစီကြရင်းက ကားတွေက မျက်နှာချင်းဆိုင်တွေ ဖြစ်ကုန်ပြီး ပိုပိတ်ကုန်တာ” လို့ အဝေးပြေးယာဉ်မောင်းတဦးက ပြောပါတယ်။
အဲ့ဒီ့ X- Ray ဂိတ်မှာ အဓိကအားဖြင့် လက်နက်၊ ခဲယမ်း၊ ဒရုန်း အပါအဝင် တော်လှန်ရေးအင်အားစုတွေ အဓိကအသုံးပြုတဲ့ ပစ္စည်းတွေ သယ်ဆောင်လာခြင်း ရှိ၊ မရှိကို စစ်ဆေးနေခြင်းဖြစ်တယ်လို့ သိရပြီး အထူးသဖြင့် ရန်ကုန်အတက်ဘက် ယာဉ်တွေကို ပိုပြီး အသေးစိတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
အခုလို ညောင်းခါးရှည် စစ်ဆေးရေးဂိတ်မှာ ယာဉ်တန်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာကြောင့် မြဝတီနယ်စပ် ကုန်သွယ်မှုနဲ့ မြိတ်၊ ထားဝယ်၊ မော်လမြိုင်တို့က ကုန်စည်စီးဆင်းမှုတွေ အဆင်မပြေဖြစ်နေပြီး အပျက်စီးဆုံးရှုံးမှု များပြားနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုကြောင့် ရန်ကုန်၊မန္တလေးအပါအဝင် အနယ်နယ်အရပ်ရပ်ကို တင်ပို့မယ့် ငါး၊ ပုဇွန်နဲ့ အေးခဲသားတွေအပြင် ဟင်းသီးဟင်းရွက်တွေလည်း ပုပ်သိုးပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ မြဝတီဆင်းလာတဲ့ကုန်ကားက လေးရက်တောင် စောင့်လိုက်ရတယ်။ စစ်လို့ပိတ်တာထက် စည်းကမ်းမရှိ ကျော်တတ်ကြလို့ပိတ်တာက ပိုရှင်းလို့မရဘူး။ လေး၊ ငါးထပ်တွေ ကျော်တတ်ကြတာ။ X-ray မဝင်ခင်ပိတ်၊ ဝင်ပြီးလည်း မောင်းမရ ထပ်ပိတ်။ အတန်းရှည်က နှစ်မိုင်တောင်မကဘူး” လို့ ကုန်သည်တဦးက ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်ကလာတဲ့ စက်သုံးဆီကားတွေ ဝင်ရောက်မှု ကြန့်ကြာနေတာကြောင့် မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် အများစုမှာ ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
“အခုလို ကားတန်းရှည်ပိတ်တဲ့အခါ ပစ္စည်းပို့ဆောင်မှုတွေ ပုံမှန်ထက် တရက် ပိုကြာတတ်တယ်။ ဆီကားတွေ အချိန်မီ ရောက်မလာတော့ မော်လမြိုင် မြို့ပေါ်ကရော၊ အနီး ပတ်ဝန်းကျင်တွေက အရောင်းဆိုင်တွေမှာရော ဆီ လေးမျိုးစလုံး ပြတ်လပ်နေတယ်။ တချို့ဆိုင်တွေဆို ပိတ်ထားရတယ်လို့ ကြားတယ်” လို့ မော်လမြိုင်မြို့ပေါ်က ဒေသခံတဦးက ပြောပါတယ်။
ညောင်ခါးရှည် X- Ray စစ်ဆေးရေး ဂိတ်သာမက ကျိုက်ထိုမြို့၊ မရမ်းချောင်ကျေးရွာရှိ မရမ်းချောင် စစ်ဆေးရေးဂိတ်မှာလည်း နစက က ခရီးသည်တင်ယာဉ်တွေ၊ ကုန်တင်ယာဉ်တွေနဲ့ အိမ်စီးကားတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေ နေ့စဉ် ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။