နိုဝင်ဘာ ၁၀၊ ၂၀၂၃
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် – မြန်မာနယ်စပ်၊ ပန်ဆိုင်း (ကြူကုတ်)မြို့ရဲ့ တဖက်ကမ်း တရုတ်ခြမ်း ဝမ်တိန်မြို့ အထက်က နယ်စပ်ရွာကို တရုတ်ဘက်က ရှောင်ခိုင်းနေကြောင်း ဝမ်တိန် ဒေသခံတွေဆီက သိရပါတယ်။
“အခြအနေ သိပ်မကောင်းဘူး။ လေယာဉ်တွေလည်း ဝဲတယ်။ တရုတ်ဘက်တောင် ဝမ်တိန် အထက်နားက ရွာကို ရှောင်ဖို့ ပြောနေတယ်။ ကျွန်မတို့နေတာက ဝမ်တိန် မြို့လယ်မှာ။ ဝမ်တိန်ဂိတ် အပေါ်ဘက်က ရွာ။ ငှက်ပျောတွေ စိုက်တဲ့ရွာဘက်။ အဲဘက်က ဒေသခံတွေကို ရှောင်ဖို့ အကြောင်းကြားနေပြီ။” လို့ ဝမ်တိန်ဒေသခံ တယောက်က ပြောပါတယ်။
မြန်မာဘက်ခြမ်း နယ်စပ်တကြော တိုက်ပွဲ ဖြစ်ပွားတဲ့အပြင် တရုတ်ဘက် ကျည်ကျဝာမျိုး ရှိတာကြောင့် တရုတ် အစိုးရဘက်က သူတို့ ဒေသခံတွေကို ရွှေ့ပြောင်းခိုင်းနေတာ လို့သူက ပြောပါတယ်။
“ခု ဒီနယ်စပ်က ကျောင်းတွေ ပိတ်ထားလိုက်ပြီ။ ကလေးတွေ အွန်လိုင်းနဲ့ပဲ ကျောင်းတက်နေတယ်။ … ဟိုမှာလေ အဲအပေါ်က အိမ်ကျည်လာထိတာ။ လူတော့မထိပါဘူး” လို့ သူက ညွှန်ပြပါတယ်။
မြန်မာဘက် မုံးကိုးမြို့ရဲ့ တဖက်ကမ်း ရွှေလီ – မံစီ လမ်းမ အနီးက မန်ဟိုင်း ဒေသခံတွေကိုလည်း တရုတ်အစိုးရက မံစီမြို့ဘက် ကားကြီးတွေနဲ့ လာခေါ်ယူသွားကြောင်း နောက်ထပ် တရုတ် နယ်စပ် ဒေသခံ တဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ လေးရက်၊ ငါးရက်က ထင်တယ်။ မန်းဟိာင်းက ဒေသခံတွေကို အကုန်ခေါ်သွားလိုက်ပြီ မံစီဘက်။ အဲဒီ နယ်ခြားစည်းရိုးနဲ့ ကပ်လျက် လမ်းမတွေမှာ တရုတ်စစ်သားတွေ စောင့်တယ်။ ကျွန်မတို့ ဒီဘက်ခြမ်း ရွာထဲက လူတွေကို အဲဘက် မထွက်ခိုင်းဘူး။ ဖြတ်သွားဖြတ်လာ ရမှာ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။
ပုံမှန်အားဖြင့် နယ်စပ် စည်းရိုးတလျှောက် တိုက်ပွဲရှောင်လာတဲ့ သူတွေ၊ အထူးသဖြင့် နယ်ခြားမှတ်တိုင် ၁၀၂ ဘက် ရှောင်လာတဲ့ ဖောင်းဆိုင် ဒေသခံတွေကို တရုတ်ဘက်ခြမ်း နယ်စပ်ဒေသခံတွေက အစားအသောက်နဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ပြီး ပို့ပေးနေတာ ဖြစ်ပေမယ့် အခု တရုတ်ဘက် နယ်စပ်ဒေသခံတွေ ရှောင်သွားတော့ ဝယ်ယူ၊ သယ်ယူဖို့ အခက်အခဲ ဖြစ်သွားကြောင်း စစ်ရှောင်တွေကို ကူညီပေးတဲ့ သူက ပြောပါတယ်။
“အခုက ခါတိုင်း ပစ္စည်း ဝယ်ပေးတဲ့ တရုတ်ဘက်ခြမ်းက လူတွေ မရှိတော့တာ။ သူတို့ အကုန်ရှောင်သွားပြီ။ အဲဘက် ပစ္စည်းဝယ်ပို့ပေးမယ့်သူ မရှိတော့ နယ်ခြားမှတ်တိုင် ၁၀၂ က စစ်ရှောင်တွေကို ဒီကြားထဲ အစားအသောက် ပို့ပေးလို့ မရတော့ဘူးဖြစ်နေတာ။ ဖုန်းလိုင်းလည်း မရှိဘူး။” လို့ သူက ပြောပါတယ်။
ဒါ့အပြင် မုံးကိုး နဲ့ ပန်ဆိုင်း (ကြူကုတ်) ကြားက ရွာတွေလည်း တရုတ်နယ်စပ် အနီးမှာ တိုက်ပွဲ ရှောင်နေကြရပြီး နှစ်ဖက် စစ်ရေး အခြေအနေ တင်းမာနေတဲ့ အပြင် လမ်းက နှစ်ဖက်ပိတ်ထားတာကြောင့် ထွက်မရပဲ ကြားမှာ မိမိသလို ဖြစ်နေပြီး အစားအသောက် ဝယ်ယူဖို့ ခက်ခဲနေကြတယ်လို့ စစ်ရှောင် ပြည်သူ တဦးက ပြောပါတယ်။
လက်ရှိမှာတော့ မုံးကိုးမြို့လုံးကျွတ်နဲ့ ဖောင်းဆိုင်ဒေသ အပါအဝင် အနီးနားက ရွာပေါင်း ၁၅ ရွာက ဒေသခံ ကချင်၊ လီဆူ၊ တအာင်း(ပလောင်)နဲ့ တရုတ်လူမျိုးတွေ လူဦးရေ ၉၉၃၀ ဦးဟာ တရုတ် နယ်စပ် စည်းရိုးအနီး တကြော ရှောင်တိမ်း နေကြရကာ အစားအသောက်နဲ့ ဆေးဝါး တွေလည်း အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင် ပြည်သူတွေဆီက သိရပါတယ်။