ရှမ်း (မြောက်) တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ခန့်မှန်းခြေအားဖြင့် ကျပ်သန်းပေါင်း သုံးသောင်းကျော် နစ်နာနေ

 

နိုဝင်ဘာ ၁၀- ၂၀၂၃

SN (VOM)

ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ၅၀ ရာခိုင်နှုန်း ရပ်တန့်သွားပြီး ခန့်မှန်းခြေအားဖြင့် ကျပ်သန်းပေါင်း သုံးသောင်းကျော်လောက် နစ်နာနေတယ်လို့ စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှစတင်ကာ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မန့်ဝိန်း၊ ကျင်စန်းကျော့၊ ချင်းရွှေဟော် စတဲ့ မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တွေမှာ ကုန်သွယ်မှု ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်။

“နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်က ၅၀ ရာခိုင်နှုန်း ရှိတာလေ။ ထိုင်းက ၃၀ ရာခိုင်နှုန်းနဲ့ ကျန်တဲ့ နယ်စပ်တွေက ၂၀ ရာခိုင်နှုန်းပဲရှိတာကိုး။ အဲ့တော့ ၅၀ ရာခိုင်နှုန်းရှိတဲ့ နယ်စပ်ကုန်သွယ်ရေးက ရပ်တန့်သွားတာပေါ့။ ဒါနဲ့ ပတ်သက်လို့ ဘီလီယံ ဘယ်လောက် ဆုံးရှုံးနစ်နာနေလဲ ဆိုတာက trade value ဆိုတာက လနဲ့တွက်ရတာကိုး။ ရက်ပိုင်းအတွင်းဆိုတော့ ပြောရခက်တယ်။ သူက သုံးလတဖြတ်မှာ ဘယ်လောက် ဘီလီယံ ဆိုပြီး ရှိတာကိုး။ ဒီရက်ပိုင်းအတွင်းကတော့ ပြောရတာတော့ နည်းနည်းခက်နေသေးတယ်။ တနေ့စာ အနှုတ်၊ အသွင်းကတော့ တခါတလေကျလို့ရှိရင်တော့ ပျမ်းမျှ ကျပ်သန်းပေါင်း ၂၀၀၊ ၃၀၀ လောက်တော့ ရှိတာပေါ့နော်၊ အနည်းဆုံး trade value ပေါ့။ ၁၀ ရက်ကျော် ဆိုရင်တော့ ခန့်မှန်းခြေအားဖြင့် ပျမ်းမျှ ကျပ်သန်းပေါင်း သုံးသောင်းကျော်လောက် နစ်နာနေတာပေါ့နော်။ တတိုင်းပြည်လုံး စီးပွားရေးထိခိုက်မှုကတော့ ဒီအကျိုးသက်ရောက်မှုက တွက်ရဦးမှာပေါ့။ ဘာပဲပြောပြော လောလောဆယ်မှာတော့ နယ်စပ်ကုန်သွယ်ရေးက ၅၀ ရာခိုင်နှုန်း ရပ်တန့်သွားတယ်လို့ သုံးသပ်ပါတယ်” လို့ ဦးသက်ဇော်က ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေကြောင့် မူဆယ်-မန္တလေး ကုန်သွယ်ရေးလမ်းကြောင်း (ပြည်ထောင်စုလမ်းမကြီး) ရပ်တန့်နေတာကြောင့် တောင်သူတွေအတွက် အခက်အခဲ ပိုမို ဖြစ်ပေါ်လျက်ရှိကာ မြန်မာနိုင်ငံအနေနဲ့ အဲ့ဒီ့ လမ်းကြောင်းကတဆင့် တရုတ်နိုင်ငံကို လယ်ယာထွက်ကုန် သီးနှံတွေကို အဓိက တင်ပို့လျက်ရှိသလို ကျွဲ-နွားတွေကိုလည်း တင်ပို့လျက်ရှိတယ်လို့ သိရပါတယ်။

“နံပါတ် ၁ ကတော့ ဒေသခံပြည်သူပေါ့။ ဒေသခံပြည်သူတွေက အရင်ဆုံး ဒုက္ခရောက်တာပေါ့၊ စားရေး၊ သောက်ရေးကအစ။ လောက်ကိုင်မှာလည်း ပိတ်မိနေတဲ့သူတွေ ရှိတာကိုး။ အဲ့တော့ ရှမ်း(မြောက်) ဒေသတည်ငြိမ် ငြိမ်းချမ်းရေးကို မနေ့ကတော့ ကာ/လုံ ခေါ်တယ်။ ဒါပေမယ့် ဘယ်လောက်အတောအတွင်းမှာ အပြတ် ငြိမ်းချမ်းအောင် လုပ်နိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပေါ့။ နောက်တချက်က တိုက်ပွဲဖြစ်တာ ခုချိန်အထိဆို ၁၀ ရက်ကျော်သွားပြီ ဆိုတော့ မန္တလေး-မူဆယ် ကားလမ်းကြီးက တရုတ်ကုန်သွယ်ရေးက ရပ်တန့်နေတယ်။ ဘီလီယံနဲ့ချီပြီး နစ်နာနေတယ်။ ကုန်စည်စီးဆင်းမှုက ဟိုဘက်ကလည်း မလာနိုင်ဆိုပေမယ့် ကျွန်တော်တို့ဘက်က မသွားနိုင်တာ ပိုပြီး ထိခိုက်သွားတယ်။ ဘာလို့လဲဆို ကျွန်တော်တို့က စိုက်ပျိုးရေးနဲ့ ရေထွက်ကုန်ပစ္စည်းတွေ ပို့ရတာဆိုတော့ သက်တမ်းရှိတဲ့ပစ္စည်း ပို့ရတာကိုး။ အဲ့တော့ ဒီမှာ ကြာကြာသိမ်းဆည်းထားနိုင်တာမျိုးတွေလည်း မရှိတော့ ဒီပစ္စည်းတွေကို အချိန်မီမပို့နိုင်ရင် တောင်သူ‌တွေရော၊ ရေလုပ်ငန်းပိုင်ရှင်‌တွေရောက အဆုံးရှုံးတွေ ရှိတာပေါ့။ ဟိုဘက်ကတော့ ဆောက်လုပ်ရေးပစ္စည်းတို့၊ ဓာတုပစ္စည်းတို့၊ အထည်အလိပ်တို့ ဆိုတာကတော့ ဘယ်အချိန်ပို့ပို့ ပို့လို့ရတဲ့ ပစ္စည်းတွေလေ။ ကျွန်တော်တို့ဘက်က ကုန်ပစ္စည်းတွေသာ ကြာနေတယ်ဆိုရင် နယ်စပ်ကုန်သွယ်ရေးကို အဓိကထားပြီး ဆောင်ရွက်နေရတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ အရမ်းကို ထိခိုက်နစ်နာပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ နစကအနေနဲ့ တရုတ် – မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး ရပ်တန့်နေမှုကို ကုစားနိုင်ဖို့အတွက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) နဲ့ ရန်ကုန် – ကူမင်း – ရန်ကုန် လေကြောင်းလိုင်း ခရီးစဉ်အသစ်ကို အသုံးပြုကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 ၊ Boeing 737-800 NG လေယာဉ်နဲ့ ကုန်သွယ်မှု ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ရန်ကုန် – ကူမင်း – ရန်ကုန် ခရီးစဉ်သစ်အတွက် အသွားတကြိမ်ကို အမေရိကန်ဒေါ်လာ ၂၇၉ နဲ့ အပြန်တကြိမ်ကို အမေရိကန်ဒေါ်လာ ၄၆၄ အထိ ကုန်ကျမှာဖြစ်တယ်လို့ သိရပြီး ကုန်စည်သယ်ဆောင်ရေးအတွက် ဈေးနှုန်းတွေကို ထုတ်ပြန် ကြေညာပေးသွားဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ ဦးသက်ဇော်က “အဲ့ဒါကလည်း ဆင့်ပါးစပ် နှမ်းပက်သလိုပေါ့။ တနေ့တနေ့ မူဆယ်-မန္တလေးသွားတဲ့ ကုန်ကားကြီးတွေကပဲ အစီး ၄၀၀ ကျော်လောက်ရှိတာကိုး။ လေယာဉ်က ဘယ်လောက် သယ်နိုင်မှာလဲ။ တွဲကားကြီး နှစ်စီးလောက်တောင်မှ လေယာဉ်က ဆံ့တာမဟုတ်ဘူးလေ။ ဆိုတော့ စဉ်းစားကြည့်လေ၊ လုပ်နိုင်တဲ့ပမာဏက နည်းနည်းလေး။ လေဆိပ်ဆိုတာက အင်မတန်လည်း စရိတ်ကြီးတာလေ၊ စရိတ်ကြီးတော့ သူများနိုင်ငံတွေတောင်မှ မဖြစ်မနေ တန်ဖိုးကြီးတဲ့ဟာတွေသာ လေယာဉ်နဲ့ ပို့ကြတာကိုး။ တန်ဖိုးနည်းတာတွေသာ ရေကြောင်းတို့၊ ကုန်းကြောင်းတို့နဲ့ သွားကြတာ။ ရှင်းရှင်းပြောရရင်တော့ ဘယ်လိုမှ တွက်ခြေကိုက်မှာ မဟုတ်ဘူး။ သယ်နိုင်တဲ့ ပမာဏကလည်း တနေ့တခေါက် ပြန်တာတောင်မှ ဆယ်ဘီးကားတစီးစာ မရှိနိုင်ဘူး။ ဒါ့ကြောင့် ဒီလေကြောင်းလမ်းကလည်း လုပ်တော့လုပ်တယ်၊ ဒါပေမယ့် ထိရောက်မှုမရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်” လို့ ပြောပါတယ်။

ကုန်သွယ်ရေးအတွက် လေကြောင်းလမ်းကို အသုံးပြုခြင်းဟာ ကုန်ကျစရိတ် များပြားလွန်းတာကြောင့် ရေရှည်အတွက် အဆင်ပြေနိုင်မှာမဟုတ်ဘူးလို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။

အခု ပြောင်းလဲအသုံးပြုနေတဲ့ ကုန်သွယ်ရေးစနစ်က အလုပ်သိပ်မဖြစ်နိုင်ဘူး။ ကုန်ကျစရိတ် ကြီးလွန်းတယ်။ ရေရှည်အတွက် ကြည့်ဖို့လိုတယ်။ လေကြောင်း ကုန်သွယ်မှုအတွက်က အချိန်တိုအတွင်း အမြန်ဆုံး ပို့ဆောင်ရမယ့် ပစ္စည်းတွေအတွက်ပဲ အသုံးပြုတာ ပိုကောင်းတယ်။ တခြားနိုင်ငံတွေမှာလည်း အဲ့ဒီ့လို ပစ္စည်းအမျိုးအစားတွေအတွက်ပဲ အသုံးပြုကြတာများတယ်။ လေကြောင်းက အရွယ်အစားနဲ့ အလေးချိန် ကန့်သတ်မှုရှိတယ်။ ပစ္စည်းအမျိုးအစားတိုင်းကို ပို့ချင်တိုင်း ပို့လို့မရဘူး။ ကုန်စည်ပို့ဆောင်ခကလည်း တခြားပို့ဆောင်ရေး နည်းလမ်းတွေထက် မြင့်မားတယ်။ အဲ့တော့ ဒီနည်းလမ်းက ရေရှည်အတွက်တော့ အလုပ်ဖြစ်နိုင်ခြေ သိပ်မရှိဘူး” လို့ မူဆယ်နယ်စပ်မှ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

လက်ရှိမှာ နစကအနေနဲ့ တရုတ် – မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုအတွက် မြန်မာအမျိုးသားလေကြောင်းရဲ့ ရန်ကုန် – ကူမင်း – ရန်ကုန် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးခရီးစဉ် Cargo Flight ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့၊ ည ၁၁ နာရီ၊ ၅၅ မိနစ်အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Boeing 737-400 Freighter လေယာဉ်နဲ့ စတင်ပျံသန်းပြေးဆွဲခဲ့တယ်လို့ သိရပါတယ်။

စတင်ပြေးဆွဲတဲ့ ရန်ကုန် – ကူမင်း လေယာဉ်ခရီးစဉ် (UB-8501) နဲ့ ရေထွက်ကုန်ပစ္စည်း ဂဏန်းနဲ့ ငါးရှဉ့် ပုံးပေါင်း ၄၄၉ ပုံး၊ အလေးချိန်အားဖြင့် တသောင်းသုံးထောင်နှစ်ဆယ့်ခြောက် ကီလို သယ်ဆောင်နိုင်ခဲ့ပြီး ကူမင်း – ရန်ကုန် လေယာဉ်ခရီးစဉ် (UB-8502) နဲ့ အထည်အလိပ်တွေ၊ အဝတ်အထည်နဲ့ ပတ်သက်တဲ့ပစ္စည်း ပုံးပေါင်း ၆၇၃ ပုံး၊ အလေးချိန်အားဖြင့် တသောင်းနှစ်ထောင်ရှစ်ရာရှစ်ဆယ့်ခြောက် ကီလို သယ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန် – ကူမင်း – ရန်ကုန် Cargo Flight ကို နေ့စဉ် ပျံသန်းပြေးဆွဲပေးသွားမယ်လို့သိရပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်စည်းစီးဆင်းမှု အထူးသဖြင့် သားငါး၊ ပန်းမန်၊ အသီးအနှံ စတဲ့ ပုပ်သိုးပျက်ဆီးလွယ်တဲ့ ကုန်စည်တွေ ကုန်သွယ်နိုင်ကြဖို့ အခွင့်အလမ်းတရပ်ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW