နိုဝင်ဘာ ၁၁ – ၂၀၂၃
SN (VOM)
ရန်ကုန်ရှိ စက်သုံးဆီအရောင်းဆိုင် အများစုမှာ မနေ့ နိုဝင်ဘာ ၁၀ ရက်မှ စတင်ကာ ဆီပြတ်လပ်မှု ဖြစ်ပေါ်နေတယ်လို့ အငှားယာဉ်မောင်းတွေဆီက သိရပါတယ်။
“အခု လိုက်ရှာထည့်နေတာ။ နေရာတော်တော်များများ မရဘူး။ မနေ့ကမနက် ၉ နာရီလောက်ကတည်းက ဖြစ်နေတာ။ ဒီကို ဆီမရောက်လို့ ဆီပြတ်နေတာလို့လည်း ပြောကြတယ်။ ကျွန်တော့်အထင်တော့ ဆီဈေးကျနေလို့ ရှိရဲ့သားနဲ့ မရောင်းတာ ဖြစ်နိုင်တယ်” လို့ မြောက်ဒဂုံမြို့နယ်က အငှားယာဉ်မောင်းတယောက်က ပြောပါတယ်။
စက်သုံးဆီ အရောင်းဆိုင်အများစုမှာ 92 အောက်တိန်းနဲ့ 95 အောက်တိန်း စက်သုံးဆီတွေ ပြတ်တောက်နေတာဖြစ်ပြီး ဆီရရှိနိုင်မယ့်နေရာတွေမှာ အချိန်ကြာမြင့်စွာစောင့်ဆိုင်းကာ တန်းစီဝယ်ယူရမှုတွေ ပြန်လည် ဖြစ်ပေါ်နေသလို ပိတ်ထားရတဲ့ ဆီဆိုင်တွေလည်း ရှိတယ်လို့ သိရပါတယ်။
“မနက် ၉ နာရီကတည်းက ၁ နာရီအထိ 92 လိုက်ရှာတာမရလို့ အိမ်ပြန်လိုက်ရတယ်။ ဆီပတ်ရှာရင်း ကားထဲရှိတဲ့ လက်ကျန်ဆီလေးတောင် လျော့တယ်။ ဆီဈေး ၂၅၀၀ လောက်ဖြစ်ကြည့်ကန်လိုက်ဝယ်ရတယ်။ အခုက ၂၀၀၀ စွန်းစွန်းလေးပဲရှိလို့ ဝယ်မရတာ” လို့ သင်္ဃန်းကျွန်းမြို့နယ်က အငှားယာဉ်မောင်းတဦးက ပြောပါတယ်။
လက်ရှိမှာ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ (PPRD) က စင်္ကာပူ MOPS ရဲ့ တနင်္လာမှ သောကြာနေ့အထိ ငါးရက်ဈေးနှုန်းကို ပျှမ်းမျှတွက်ပြီး ပြည်တွင်း စက်သုံးဆီရည်ညွှန်းဈေးကို တနင်္လာမှ တနင်္ဂနွေနေ့အထိ တပတ်စာ တွက်ချက် ထုတ်ပြန်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စက်သုံးဆီ အဓိကတင်သွင်းနေရတဲ့ စင်္ကာပူနိုင်ငံ စက်သုံးဆီပေါက်ဈေး (MOPS) တွေ ဆက်တိုက် ကျဆင်းလာတာကြောင့် ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေဟာလည်း အခု အောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ တဖြည်းဖြည်း ကျဆင်းလာတာဖြစ်တယ်လို့ စက်သုံးဆီဈေးကွက်အတွင်းမှ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ စီးပွားရေးပညာရှင်တဦးက “စင်္ကာပူ MOPS က ဈေးကျနေတာလည်းတပိုင်းပေါ့။ ဒါပေမယ့် အခုက ဒေါ်လာဈေးကလည်း နည်းနည်း ပြန်တက်နေတယ်။ ဒေါ်လာဈေးတက်ရင် တခြား ကုန်စည်ဈေးနှုန်းတွေကလည်း လိုက်တက်တဲ့ အလေ့အထတွေကလည်း ရှိတော့ စက်သုံးဆီဈေးတွေ ပြန်တက်လာတာ ဖြစ်နိုင်တယ်။ ဒါကလည်း တပိုင်းပေါ့။ နောက် MOGE က Sanction မိထားတာလည်းရှိတော့ စက်သုံးဆီဈေးက ထပ်တက်နိုင်ခြေလည်း ရှိနေတယ်။ အဲ့ဒါကြောင့် ကုန်သည်တွေအနေနဲ့ အတက်ဈေးကို စောင့်ပြီး မရောင်းတာလည်း ဖြစ်နိုင်တယ်” လို့ သုံးသပ်ပါတယ်။
စက်သုံးဆီပြတ်လပ်မှုနဲ့ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုးထွက်ပေါ်နေပေမယ့် VOM အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။ လက်ရှိမှာ အမေရိကန်ဒေါ်လာဈေးဟာ တဒေါ်လာ ၃၃၁၀ ကျပ် ဝန်းကျင်ကို ရောက်ရှိနေပြီး မနေ့ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းမှစတင်ကာ အနည်းငယ် မြင့်တက်လာတာဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာဈေးဟာ အခု နိုဝင်ဘာလ ပထမပတ်အတွင်းမှာ တဒေါ်လာ ၃၂၆၀၊ ၃၂၇၀ ကျပ်ဝန်းကျင်မှာ ဈေးငြိမ်နေခဲ့တာဖြစ်ပေမယ့် နိုဝင်ဘာ ၈ ရက်နေ့ ညနေပိုင်းမှ စတင်ကာ အနည်းငယ် တက်ရိပ်ပြလာခဲ့ကာ မနေ့ နိုဝင်ဘာ ၁၀ ရက်နေ့၊ မနက်ပိုင်းမှာတော့ ၃၃၀၀ ကျော်ဝန်းကျင်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
စက်သုံးဆီဈေးဟာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာဈေးနဲ့ ကမ္ဘာ့နိုင်ငံရေးအခြေအနေပေါ် မူတည်နေတာဖြစ်ပီး လက်ရှိမှာ ကမ္ဘာ့ရေးရာ အခြေအနေတွေကြောင့် ဈေးထပ်တက်နိုင်ခြေရှိတယ်လို့လည်း ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်း သုံးသပ်ထားပါတယ်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ (PPRD) ရဲ့ နိုဝင်ဘာ ၆ ရက် (တနင်္လာနေ့) မှ နိုဝင်ဘာ ၁၂ ရက် (တနင်္ဂနွေနေ့) အထိ တပတ်စာ စက်သုံးဆီဈေးကို ရန်ကုန်မြို့အတွက် အောက်တိန်း 92 တလီတာ ၂၀၆၀ ကျပ်၊ 95 တလီတာ ၂၁၆၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၃၁၅ ကျပ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
Photo: Crd-CJ