ဆူးငှက်
ကုန်းဘောင်ဆက် မဟာရာဇဝင် တတိယတွဲ စာမက်နှာ ၆၈၅ တွင် …
““၁၂၄၆ နှောင်းတန်ခူးလ (ဧပြီ ၁၈၈၅) ရွှေမြို့တော်ကြီး အနောက်ပြင် ဂေါဝိန်တံခါးလမ်း တောင်ဘက် ရတနာဘုမ်္မိအရပ်တွင် အရှင်နန်းမတော် မိဖုရား ခေါင်ကြီးက ဆောက်လုပ်ပြီး ပြောသည်။ ရွှေရေးကျောင်းရဲ့ ရှစ်ရပ်နှင့် တကွ ဘုံလေးဆင့်ရှိ မှန်ကျောင်းတော်ကြီးကို“မဏိရတနာရာမတိုက် မဟာရတနာ ဘုံမ်စံကျောင်း”” ဟု ကမ်ဗညျးတပ်တော်မူပြီးလျှင် အာလောကာဘိပဝရသာသနက်္ခ မဟာဓမ်္မရာဇဓိရာဇဂုရု ဘွဲ့တံဆိပ်တော်ရ မြတောင်ဆရာတော်အား ကျောင်းအပ် တင်လှူတော်မူသည်ဟု ဖော်ပြပါရှိလေသည်။
ထိုကောက်နှုတ်ချက်အရ နန်းမတော်စုဖုရားလတ်ကောင်းမှု မြတောင်ရွှေ ကျောင်းတော်ကြီး ရေစက်ချ မချပြဿနာတွင် ၁၈၈၅ ဧပြီလကကျောင်းတင် လှူပြီးဖြစ်သောကြောင့် ၂၉ နိုဝင်ဘာ ၁၈၈၅ တွင် သီပေါမင်းအရှင် ပါတော်မူ သောအခါ ရေစက်ချ ကျောင်းတင်လှူပွဲလုပ်ရန် မလိုတော့ကြောင်း ပညာရှင်များ ထောက်ပြသည်။ မန်းရာပြည့်စာစောင်တွင် ပါရှိသော သီပေါအရှင်နှစ်ပါးနှင့် အခြွေအရံများ မြတောင်ရွှေကျောင်းတော်ကြီး ရှေ့တွင် ရေစက်သွန်းချအပြီး ရိုက် ကူးထားသည်ဆိုသော ဓာတ်ပုံမှာ ဓာတ်ပုံပညာနှင့် ဖန်တီးထားသည်သာဖြစ်ကြောင်း ။ ဓာတ်ပုံပါ ရွှေကျောင်းတော်ကြီးရှိ အဆောင်များ ပြသာဒ်ရှိ လှေကားများ ကြည့်ခြင်းအားဖြင့် မြတောင် ရွှေကျောင်းတော်ကြီး လုံးဝမဟုတ်ကြောင်း။ တိုင်းပြည်၏ ရှင်ဘုရင်ကို ဖမ်းဆီးခေါ်ဆောင်သည့်အချိန်တွင် မိနစ်၊ စက်္ကန့်နှင့်အမျှ အရေးပါသောကြောင့်အဘယ်မည်သော ကျူးကျော်ထိပါး သူသည် သုံ့ပန်းရှင်ဘုရင်ကို လူထုကြား ရေစက်ချခွင့် ပေးပါမည်နည်းဟု ထောက်ပြ၏။
သမိုင်းကား ငြင်းခုံကြရပေမည်။ ငြင်းခုံရင်းမှပင် အဖြေတစ်ခု ရရှိပေလိမ့် မည်။ တစ်ခါတစ်ရံ သမိုင်းကို အုပ်စိုးသူတို့၏ အသုံးချခံအဖြစ်အယုံသွင်းခဲ့ ကြသည်။ ထိုအခါ ငြင်းဆုံကြရတော့၏။ ထိုအခါ အဖြေမှန်သည် ပုန်းလျှိုးရာမှ ရဲဝံ့စွာ ထွက်လာတတ်ပါသည်။ ကိစ်္စမရှိ …။
တကယ်တော့ ၁၂၄၆ ခုနှစ်က တည်ဆောက်ခဲ့သော မြတောင်ရွှေကျောင်း တော်ကြီး၏ တန်ဖိုးကို ထိုအချိန်က ““သံပုရာသီးတစ်လုံးဖိုး”” ဟူ၍ မှတ်သားခဲ့ သောကြောင့် ပြောင်းပြန်သင်္ကေတအရ ငါးသန်းကျော် ကုန်ကျခဲ့သည်ဟု မှတ်သားရ၏။ မြန်မာတို့၏ သယံဇာတဖြစ်သော ကျွန်းသစ်လုံးကြီးများ၊ ရွှေ၊ ငွေ၊ ပတ်္တမြား၊ ကျောက်မျက်များနှင့် အံ့မခန်း တည်ဆောက်သဖြင့် အသပြာ ငါးသန်းကျော်ကုန်သည့်ရွှေကျောင်းတော်ကြီးကို ယခုခေတ်အခါတွင် ကွန်ကရစ် တိုင်လုံး၊ ဘော်စနီရွှေမင်၊ ပုံသွင်းအင်္ဂတေ ပန်းပု၊ ကြွေပြားကပ် အခင်းများနှင့် ပင်သန်းငါးရာကျော်ကုန်နိုင်လောက်၏။
၁၃၀၂ ခု တပေါင်းလပြည့်ကျော် ၄ရက်(၃-၄-၄၂)နေ့တွင်မူ အေလမ်း ပေါ်တွင် စစ်ထရပ်ကားကြီးများက မနက်မိုးမလင်းမီကပင် တဝေါဝေါမောင်းနှင် နေကြ၏။ စစ်သုံးအင်္ဂလိပ်အမြောက်ကြီးများကို မြစ်ဆိပ်မှ နန်းတွင်းသို့ အဆက် မပြတ် ပို့ဆောင်နေကြခြင်းဖြစ်လေသည်။နံနက်(၁၀)နာရီ မိနစ်(၃၀)အရောက် မှာတော့ လေယာဉ်အုပ်ကြီး တစ်အုပ် ဝေါခနဲ ပေါ်လာသည်။ တောင်ပံတွင် နေဝန်းနီနီတံဆိပ်များနှင့်ဂျပန်လေယာဉ်များဖြစ်၏။ ထိုလေယာဉ်အုပ်ကြီး သည် မန်္တလေးမြို့ကို ဗုံးသီး၊ ဗုံးဆံတို့ ရက်ရောစွာ ချပစ်နေပါပကော…။ အင်္ဂလိပ်အမြောက်တင် ကားတချို့ အေလမ်းပေါ် မြတောင်ရွှေကျောင်းကြီးအနီး ရောက်သူ ရောက်နေကြသည်။ လေယာဉ်ပေါ်မှ ကြဲချသည့် ဗုံးများကြောင့် စစ်ထရပ်ကား ကြီးများ အေလမ်းမြောက်ဘက် မောင်းချသူမောင်းချ။ အကြော်စုရပ်ထဲ ဆင်း ပြေးသူ ပြေး။
ဂျပန်လေယာဉ်များက စစ်ကားများဆီ ဗုံးဆက်တိုက်ကြဲ၏။
ထိုအချိန်တွင် မြတောင်တိုက်သစ် ကျောင်းရှေ့ ရေတွင်းပေါ် ဗုံးတစ်လုံးကျ သည်။ ရွှေရေးဆောင် ကျောင်းတောင်ဘက် ဗုံးနှစ်လုံးကျသည်။မကွဲ။ အုတ် တိုက်အနီး တစ်လုံးကျသည်။ ရန်ကုန်ကျောင်း တစ်ခြမ်းပြို၏။ ရွှေကျောင်းတော် ကြီးမှ မှန်စီရွှေချတွေ ရိုက်ခွာလိုက်သလိုကျောင်းပေါ် ပြန့်ကျဲကျကုန်သည်။ ကျောင်းတော်ကြီး တိုင်အောက်ခြေ ယိုင်ရွဲ့ပြီး နယားရုပ်များ ပြုတ်ကျသည်။ ဗုံးဆံ တစ်ဆံက အထက်ပြသာဒ်ကိုမှန်၍ မီးခိုးခူ၏။ ပဉ်္စင်းငယ်များ စွန့်စွန့်စားစား တက်ငြိမ်းကြရသည်။ အခြားကြီးကြီးကျယ်ကျယ် အပျက်အစီး မရှိသေး။
ထိုနေ့ညတွင်တော့ အင်္ဂလိပ်စစ်တပ်က မီးကျည်တွေ ပစ်နေသဖြင့် မန်္တလေး တစ်မြို့လုံး လင်းထိန်နေသည်။ ထို့အတူ မီးကျည်များကြောင့်ရပ်ကွက်များမှာ မီးတွေလောင်ကုန်၏။ ဘုရားကျောင်းကန် သာသနနိက အဆောက်အအုံများပါ မကျန်…။ ၁၃၀၃ခု၊ နှောင်းတန်ခူးလဆန်း(၈)ရက်၊ ညနေ(၅)နာရီအချိန်တွင်မှာ တော့ မဟာမိတ်တပ်က စစ်ဂျစ်ကားတစ်စီး အေလမ်းအတိုင်း အပြင်းမောင်းနှင် လာသည်။ထို့နောက် မြတောင်တိုက် အနောက်မြောက်ဘက်အရောက် မီးကျည် တစ်စင်း ပစ်လွှတ်သွား၏။ ဖောင်ဝန်မင်းကျောင်း ခေါင်မိုး မီးစွဲလောင်သည်။ ထိုအခါ ဘယ်သူမှ တက်မငြိမ်းဝံ့တော့ …။
ဤသို့ဖြင့် ဖောင်ဝန်မင်းကျောင်းမှ စတင်လောင်ကျွမ်းခဲ့သော မီးသည် သီပေါမင်းနှင့် မိဖုရားခေါင်ကြီးတို့ လှူဒါန်း ခဲ့သော ပြသာဒ်ဘုံ(၇)ဆင့်၊ စနုဆောင်၊ ဇေတဝန်ဆောင်၊ ဘောဂဆောင်၊ နယား ရုပ်ခံ တိုင်လုံးကြီးများ၊ ပေ ၅၀ကျော်မြင့် ရွှေပိန်းချ ကျွန်းတိုင်လုံးကြီးများ၊ ဇာတ်၊ နိပါတ်၊ ပန်းနွယ် ပန်းခက်တို့ဖြင့် ဆင်ယင်အပ်သော လက်ရန်းများ စသည့် မြန်မာ့အံ့မခန်း သယံဇာတပစ်္စည်း အနုပညာများဖြင့် မွှမ်းထုံအပ်သော လှေကားရှစ်စင်းထပ် ရွှေကျောင်းတော်ကြီးကို ပြာဘုံဘဝရောက်အောင် မီးစွဲ လောင်ခဲ့လေတော့သည်။
““ဘုံလေးဆင့် တိမ်ပြင်မှာ၊
စိန်ဒရင် လျှံမောင်းတဲ့၊
မှန်ကျောင်းတော် ဝေယန့်သာခေါင်၊
နေရဗန့်တန်ဆောင်။
ရွှေမြင်းမိုရ် မြတောင်ကို …
အို … မြအရောင် ရှက်သန်းလို့လေး””
ဟူ၍ မြတောင်ကျောင်းသားဟောင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းက စစ်ကိုင်းပြန်မှာတော်ပုံ ဆောင်းပါးတွင် မြတောင် ကျောင်းကြီးဘွဲ့ တေးထပ်ကို ရေးစပ်ခဲ့ ပါ၏။
ထို့ပြင် “သာသနာမြေပလ်္လင် အသရေလှပေတဲ့၊ ရွှေမြတောင်သာတဲ့ တိုက်ဆီက၊ နေလနှစ်ဆောင် ပါတော်မူတဲ့အခိုက်ကိုဖြင့် …၊ကတိုက်ကရိုက် အမြန်မြင်လိုက် တော့၊ မခံချင် မာန်ဝင်တဲ့ အစွမ်းရယ်နှင့်(သြော်) မန်းအပျက်တွင်ဖြင့်၊ ကြငှန်း မက်လိုက်ရပုံက၊ ပခန်းထွက်တဲ့ပြီး၊ အကြမ်းဖက်ရော့မဟဲ့လို့၊ ငန်းငန်းတက် သရေယိုအောင်၊ နန်းဆက် အမွေကိုလဲ မှန်းမိတဲ့ပြင်…”ဟူ၍ အိုးဝေမဂ်္ဂဇင်းတွင်ဆရာကြီး သခင်ကိုယ်တော်မှိုင်းက မြတောင်တိုက်၏ အခန်းကဏ္ဍကြောင့် မျိုး ချစ်စိတ် ထက်သန်ခဲ့ပုံကိုလည်း ရေးသားခဲ့လေသည်။
တကယ်တော့ မည်မျှပင်တန်ဖိုးကြီးပါစေ၊ မည်မျှပင် သမိုင်းဝင်ပါစေ၊ စစ်ပွဲဟူသည် မိမိအနိုင်ရရေးဟူသော အတ္တစိတ်ကြောင့် ထိုထိုတန်ဖိုးများကို နှစ်ဖက်စလုံး မည်သူကမျှ နှလုံသွင်းမည်မဟုတ်၊ မီးလောင်တိုက်ပဲ သွင်းကြမှာက ဧကန် ဖြစ်ပါ၏။
ဆူးငှက်
#voiceofmyanmar #VOM. #ဆူးငှက် #မှန်ကျောင်းတောင် #မြတောင်