ဆားလင်းကြီးမြို့နယ်ထဲက ကျားတက်စံပြရွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်ခုနှစ်ယောက် ပစ်သတ်ခံရ

 

နိုဝင်ဘာ ၊ ၁၃ ၊ ၂၀၂၃

SP ( VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ကျားတက်စံပြကျေးရွာမှာ ၊ မနေ့ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ခုနှစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ကျားတက်စံပြရွာဆိုတာ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်နဲ့ မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတယ် ၊ မြိုင်မြို့နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းက လူတွေက ကျားတက်ရွာ စံပြဈေးကို အားပြုနေရတယ် ၊ ကျားတက်ဈေးက လူဝင်လူထွက်များပြီး စည်ကားတယ် ၊ အဲ့ဒါကြောင့် ကျားတက် ရဲကင်းစခန်းက တပ်ဖွဲ့ဝင်တွေက လုံခြုံရေး လုပ်ပေးရတယ် ၊ အဲ့ဒီလို လုံခြုံရေးလုပ်နေချိန် ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေရဲ့ ပစ်ခတ်တာကိုခံရလို့ လုံခြုံရေးတပ်ဖွဲ့ဝင် ခုနှစ်ယောက်သေတယ် ၊ ကနဦး သိရတာကတော့ ကျားတက်ရဲစခန်းမှူး အပါအဝင် ရဲ လေးယောက်နဲ့ စစ်သား သုံးယောက်သေဆုံးတယ် ၊ အပစ်ခံရတဲ့ နေရာမှာပဲ အဲ့ဒီ ခုနှစ်ယောက်လုံး သေတာ ” လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ကျားတက်မှာ ထိတွေ့မှုဖြစ်တယ် ၊ ထိခိုက်ကျဆုံးမှု မသိရသေးဘူး ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ည ၁၂ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ထန်းကုန်းတိုက်နယ် ၊ ဝက်တိုးမြောက်ရွာက ပြည်သူ့စစ် အထိုင်းစခန်း တိုက်ခိုက်ခံရပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၀ ယောက် ထိခိုက်သေဆုံးပြီး အသက် ၁၀ နှစ်အရွယ် အရပ်သား ကလေးငယ်တယောက်လည်း ထိခိုက်သေဆုံးတယ်လို့ သိရပါတယ်။

တမူးခရိုင် ၊ တမူးမြို့နယ် ၊ ပန်းသာကျေးရွာ ပြည်သူ့စစ်ခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကနေ စတင်တိုက်ခံရပြီး ၁၀ ရက်နေ့မှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် တချို့ ထိခိုက်သေဆုံးတယ်လို့ သိရပါတယ်။

“ပန်းသာ ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရတာ ရက်ရှည်ဖြစ်နေပြီ ၊ တပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတယ် ၊ အဲ့ဒီထဲက ပြည်သူ့စစ် တပ်ဖွဲ့ဝင် ကျော်မင်းခန့် ၁၈ နှစ် သေဆုံးတယ် ၊ သူ့အဖေကလည်း ပြည်သူ့စစ်ပဲဖြစ်တယ် ၊ သူ့အဖေ ဦးကျော်ထူးဆိုတာ ပြီးခဲ့တဲ့ ဇွန်လက တိုက်ပွဲကျသွားတယ် ” လို့ တမူးဒေသခံတယောက်က ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း ကလေးခရိုင် ၊ တမူးခရိုင် ၊ ယင်းမာပင်ခရိုင် ၊ ကောလင်းခရိုင် ၊ ကန့်ဘလူခရိုင် နဲ့ ကသာခရိုင်တွေထဲက မြို့နယ်တွေမှာ ထိတွေ့တိုက်ပွဲနေတယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW