တိုက်ပွဲကြောင့် ရခိုင်ရှိ မြို့နယ်အချို့မှာ အခြေခံစားသောက်ကုန်နဲ့ဆေးဝါးတွေ အလုအယက်ဝယ်ယူ

 

နိုဝင်ဘာ-၁၃-၂၀၂၃

NN (VOM)

ဒီကနေ့မနက်ပိုင်း နိုဝင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့တဲ့ ရသေ့တောင်မြို့ နဲ့ မင်းပြားမြို့နယ်ရှိ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့မှာ အခြေခံစားသောက်ကုန်နဲ့ဆေးဝါးများဈေးတက်သွားကြောင်း ဒေသခံတွေထံက သိရပါတယ်။

“ကျောက်ဖြူ၊စစ်တွေ၊ ပုဏ္ဏားကျွန်း အဲ့ဘက်တွေမှာ ဆန်ဈေးတွေတက်နေတယ်။ ဆန်၊ ဆီ၊ စား ခြေခံစားသောက်ကုန်တွေပေါ့။ နောက်ပြီး ရေလမ်း၊ ကုန်းလမ်းတွေပိတ်လိုက်တော့ ကုန်ပစ္စည်းတွေပြတ်သွားကြမှာလည်း စိုးရိမ်နေကြတယ်။ တစ်ချို့နေရာတွေမှာ ကုန်ပစ္စည်းတွေ အလုအယက်ဝယ်နေတယ်ကြားတယ်” လို့ စစ်တွေမြို့မှ ဒေသခံတယောက်ကပြောပါတယ်။

ရခိုင်ရှိ မြို့နယ်အားလုံးရဲ့ ကုန်းလမ်း၊ ရေလမ်း အားလုံးကို ပိတ်ဆို့ထားလိုက်ပြီဖြစ်ကြောင်း နစက ဘက်မှကြေညာလိုက်တာကြောင့် အခြေခံစားသောက်ကုန်များ ပြတ်လပ်သွားပြီး ကုန်ဈေးနှုန်းတွေကြီးမြင့်လာမှာကို ရခိုင်ပြည်သူတွေ စိုးရိမ်နေကြပါတယ်။

ရက္ခိုင့်တပ်တော် AA ကတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အခြေခံစားသောက်ကုန် ရောင်းချတဲ့ ဈေးဆိုင်တွေအနေနဲ့ ကုန်ဈေးနှုန်းတွေကို ပုံမှန်ဈေးထက် ဈေးမြှင့်တင် မရောင်းချဖို့ မိုခါမုန်တိုင်း တိုက်ခတ်ပြီးကာတည်းက သတိပေးပြောဆိုထားပါတယ်။

“မြောက်ဦးမှာတော့ဒီနေ့ သွားဝယ်တာ ဈေးကတော့ပုံမှန်ပါပဲ။ ဒါပေမယ့် လမ်းတွေကတော့အကုန်ပိတ်ဆို့လိုက်ပါပြီ။ မြောက်ဦးအဝင်အထွက်ရော စစ်တွေသွားတဲ့ လမ်းတွေရော အကုန်လုံး လမ်းကြောင်းပိတ်လိုက်ပြီဆိုတော့ ရှိတဲ့ဟာတွေဈေးတင်ရောင်းကျတဲ့သဘောပါ” လို့ မြောက်ဦးမြို့ရှိ ဒေသခံတယောက်က ပြောပါတယ်။

တိုက်ပွဲများဖြစ်လာပါက တိမ်းရှောင်ဖို့အတွက် အသင့်ပြင်ထားကြောင်းနဲ့ ကုန်ဈေးနှုန်းများ မကြီးခင် ရိက္ခာများ ဖြည့်ဆည်းထားကြောင်းကို သူကဆက်လက်ပြောဆိုပါတယ်။

လက်ရှိမှာတော့ ရခိုင်ရှိ မင်းပြား၊ ရသေ့တောင် တို့ဘက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိပြီး မြောက်ဦးဘက်မှာတော့ လက်နယ်ငယ်တွေနဲ့ ပစ်ခတ်မှုတွေရှိကြောင်း ရခိုင်အခြေစိုက် သတင်းဌာနတွေက ရေးသားဖော်ပြထားပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW