မြန်မာ – အိန္ဒိယနယ်စပ် လုံခြုံရေးစခန်း နှစ်ခုတိုက်ခိုက်ခံရ ၊ မီဇိုရမ်ပြည်နယ်ထဲ ကျည်တွေကျလို့ လူ နှစ်ဦး ဒဏ်ရာရ

 

နိုဝင်ဘာ ၊ ၁၃ ၊ ၂၀၂၃

SP ( VOM)

ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ မြန်မာ – အိန္ဒိယ နယ်စပ်မှာရှိတဲ့ ရိဒ်ခေါဒါရ် စခန်းနဲ့ တီအိုချောင်း(Khua Mawi) စခန်း နှစ်ခု ကို မနေ့ နိုဝင်ဘာ ၁၂ ရက် ၊ ည ၁၁ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက တပြိုင်တည်း တိုက်ခိုက်ခဲ့တယ်လို့ နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က ည ၁၁ နာရီအချိန်ကစလို့ ဒီမနက် အခုထိ တိုက်နေတုန်းဖြစ်တယ် ၊ တိုက်ပွဲက ပြင်းထန်တယ် ၊ အိန္ဒိယဘက်က မီဇိုရမ်ပြည်နယ် ဇိုခေါ်ထာရ်ရွာထဲလည်း ကျည်ဆံတွေ ကျရောက်ပြီး ဒေသခံ အရပ်သား နှစ်ဦး ထိမှန်ထားတယ် ၊ ဘယ်အဖွဲ့က ပစ်တာလည်း မသိရဘူး ၊ တိုက်ကြတဲ့ နှစ်ဘက်မှာ အသေအပျောက် ရှိတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ တိုက်နေကြတုန်းဆိုတော့ အနားက ရွာတွေ အားလုံး ပြေးနေရတယ် ” လို့ ဒေသခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ဇိုခေါ်ထာရ်ရွာခံ တယောက်က ” ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေါ် ဆွဲထန်းအီး (pi Sawithangi ) ( ၇၆နှစ်) က လက်မောင်းမှာ ထိရှ ဒဏ်ရာရတယ်၊ ဆလိုင်းဗန်လာလ်ထလောဆွ (Salai Van Lal Thlaw Suah ) (၁၃နှစ်) လက်ကောက်ဝတ်မှာ ဒဏ်ရာရရှိကြတယ် ၊ အဲ့ဒီ ဒဏ်ရာရတဲ့ သူနှစ်ဦးက တီတိန်မြို့နယ် ၊ ဟိုင်မွှာယ်ရွာက တဦးနဲ့ ကလေးမြို့နယ် စက္ကန့်ရွာက တဦးလို့ သိရတယ် ၊ သူတို့က အိန္ဒိယ နိုင်ငံသားတွေ မဟုတ်ဘူး ” လို့ပြောပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ချင်းပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” နယ်စပ်စခန်းမှာတော့ ထိတွေ့မှုတွေရှိနေတယ် ၊ ဖြစ်စဉ် အသေးသိပ် မသိရသေးဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် ဒေသတွင်း လူမှုကွန်ရက်တွေမှာ ဖော်ပြထားတာက အိန္ဒိယ မြန်မာ နယ်စပ်မှာရှိတဲ့ တပ်စခန်း နှစ်ခု တိုက်ခိုက်ခံရပြီး ၊ ရိဒ်ခေါဒါဒ်စခန်းကို ဒေသခံပူးပေါင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားပြီး ကျန်စခန်းတခုကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

အဲ့ဒီ အပြင် စစ်ကိုင်းတိုင်း တမူးမြို့နယ် ၊ မြန်မာ အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာရှိတဲ့ ဝိတုတ်ကျေးရွာနဲ့ ပန်းသာ ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်စခန်းတွေလည်း တိုက်ခိုက်ခံနေရတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW