ပေါက်တောမြို့ကို အေအေ ထိန်းချုပ်ပြီလို့ သတင်းထွက်ပေါ်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ – ၂၀၂၃
GG(VOM)
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို AA က ဝင်ရောက်တိုက်ခိုက်ပြီး ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ ပေါက်တောမြို့ဒေသခံတွေဆီကသိရပါတယ်။
AA က ပေါက်တောမြို့ကို နိုဝင်ဘာလ ၁၅ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ကာ ထိန်းချုပ်လိုက်တာဖြစ်ပြီး ပေါက်တောရဲစခန်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးရမိခဲ့တာရှိတယ်လို့သိရပါတယ်။
အဲ့ဒီနောက် ဒီနေ့နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာတော့ စစ်တပ်ဘက်က ပေါက်တောမြို့ပေါ်ကို လေယာဥ်နဲ့ ဗုံးလာကျဲတာတွေရှိသလို ရေကြောင်းကနေ စစ်သင်္ဘောတွေလည်းရောက်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်မှုတွေပြုလုပ်နေကြတယ်လို့သိရပါတယ်။
” ဟုတ်တယ် အခု AA က ပေါက်တောရဲစခန်းကိုလည်းထိန်းချုပ်လိုက်ပြီ မြို့ကိုလည်းထိန်းချုပ်လိုက်ပြီ၊မနက်က လေယာဥ်နဲ့ ဗုံးလာကျဲတယ် ​ပြီးတော့ ထပ်မလာဘူး။ခနပဲလာပြီးပစ်သွားတယ်။ပေါက်တောရဲစခန်းကတော့ ညထဲက သူတို့ကိုလက်နက်ချခိုင်းတာကို အကြီးပိုင်းနှစ်ယောက်က လက်နက်မချဘူးဆိုလို့ ကြာနေရင်းက AA က ဝင်သိမ်းလိုက်တာ ၊ မနက်ကလေယာဥ်လာပစ်တာရယ်၊စစ်ရေယာဥ်တွေလာနေလို့ ဒေသခံတွေအကုန်ရှောင်နေကြပြီ၊ ” လို့ ပေါက်တောဒေသခံတစ်ဦးကပြောပါတယ်။
ခုချိန် ညနေ အထိ AA က ပေါက်တောရဲစခန်းအပါအဝင် တမြို့လုံးကို ထိန်းချုပ်ထားပြီး မြန်မာနိုင်ငံအလံကို ဖြုတ်ချထားကြောင်း ၊ရဲစခန်းမှာက ရဲတပ်ဖွဲ့ဝင် ၃၀ လောက်ရှိတယ်လို့ သိရပါတယ်။
ပေါက်တောမြို့ AAနဲ့ စစ်တပ် အကြားတိုက်ပွဲမှာ ဒေသခံတွေ ထိခိုက်ဒဏ်ရာရ ရှိခဲ့သလို နေအိမ်တွေ လက်နက်ကြီးထိမှန်လို့ ပျက်စီးမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။
ပေါက်တောမြို့ကို AA ထိန်းချုပ်လိုက်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ AA နဲ့ နစက နှစ်ဖက်လုံးကတော့သတင်းထုတ်ပြန်တာမရှိသေးပါဘူး
ဒီနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာပဲရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းက ဒုံးညိုနယ်ခြားစောင့် စခန်းကိုလည်း AA က ဝင်ရောက်တိုက်ခိုက်ရာမှ အပြန်အလှန် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး AA နဲ့ စစ်တပ်အကြား ထိတွေ့တိုက်ပွဲ့တွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရသေ့တောင်၊ မောင်တော၊ဘူးသီးတောင်၊ပေါက်တော၊ပုဏ္ဍားကျွန်း၊ကျောက်တော် စတဲ့ မြို့နယ်အချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။
အဆိုပါ တိုက်ပွဲတွေအတွင်းမှာ ရသေ့တောင်က ချိန်ခါလီ နဲ့ ဒုံးပိုက်စခန်းကို AA ကထိန်းချုပ်ထားပြီး ကျောက်တော် အပေါက်ဝ ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၃၀ ဟာ AAဆီကို လက်နက်ချအလင်းဝင်ခဲ့တယ်လို့သိရပါတယ်။
ဒါကြောင့် လက်ရှိမှာ ရခိုင်ပြည်နယ်တောင်ပိုင်း မှာရှိတဲ့ နယ်မြေစခန်းက ရဲတပ်ဖွဲ့ဝင်တွေက စခန်းကိုစွန့်ခွာပြီး မြို့ပေါ်ရဲစခန်းတွေမှာ ပူးပေါင်းမှုတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်ကို ကုန်လမ်း ၊ ရေလမ်းတွေကပါ ဝင်ရောက်ခွင့် ထွက်ခွာခွင့် ပိတ်ထားဆဲဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW