လားရှိုးတက္ကသိုလ်မှာ ဖြေဆိုနေဆဲ အဝေးသင်စာမေးပွဲ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

 

နိုဝင်ဘာ ၊ ၁၆ ၊ ၂၀၂၃

SP ( VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ၊ လားရှိုးတက္ကသိုလ်မှာ တက်ရောက် ဖြေဆိုနေတဲ့ အဝေးသင် စာမေးပွဲကို ဒီကနေ့ နေ့လယ်ပိုင်းကစပြီး ရက် အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ကြောင်း ပါမောက္ခချုပ် ဒေါက်တာ ဌေးအောင်က ဒီကနေ့ နိုဝ်ဘာ ၁၆ နေ့စွဲနဲ့ အမိန့်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

” စာမေးပွဲ ဖြေဆိုနေဆဲ ရက်ကို အကန့်အသတ် ရွှေ့ဆိုင်းလိုက်တာဖြစ်တယ် ၊ အခုဖြေဆိုနေတာက ၂၀၂၃ အဝေးသင်ပညာသင်နှစ် တတိယသုတ် မြန်မာစာနဲ့ သမိုင်း ဘာသာ အထူးပြုက ကျောင်းသားတွေဖြစ်တယ် ” လို့ လားရှိုး တက္ကသိုလ် စီမံ / ဘဏ္ဍ ဌာနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒါ့အပြင် လားရှိုးတက္ကသိုလ် ကျောင်းသား မိဘ တယောက်က ” ဒီနေ့က စပြီး စာမေးပွဲ ဖြေဆိုနေတာတွေ ရက်ရွှေ့ဆိုင်းတယ်လို့ ကြားရတယ် ၊ ဘယ်နေ့ကို ပြန်ဖြေဆိုရမယ်လို့ ထုတ်ပြန်မထားဘူး ၊ ဘာကြောင့် အခုလို စာမေးပွဲ ဖြေဆိုဆဲ ရက်တွေကို ဘာကြောင့် ဆိုင်းငံ့ရတာလဲ မေးကြည့်တော့ အကြောင်း မပြန်သေးဘူး ” လို့ ပြောပါတယ်။

နေပြည်တော် အခြေစိုက် အရပ်ဘက် ပညာရေး သုတေသန ပညာရှင် တယောက်က ” အခုရက်ပိုင်း အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲ ဇုန်တွေထဲမှာ ရှမ်းပြည်နယ်မြောက်မှာ လားရှိုးတက္ကသိုလ်ရှိတယ် ၊ ကယားပြည်နယ်ထဲမှာ လွိုင်ကော် တက္ကသိုလ်ရှိတယ် ၊ အဲ့ဒီ တက္ကသိုလ် နှစ်ခုအနက် လွိုင်ကော် တက္ကသိုလ်မှာဆိုရင် ဒီရက်ပိုင်းမှာ တက္ကသိုလ် စီးနင်းခံရတယ် ၊ ဆရာ ၊ ဆရာမ ၁၃၄ ဦးနဲ့ ၊ အဲ့ဒီ မိသားစုဝင် ၆၄ ယောက်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ် ၊ အဲ့ဒီ ဖြစ်စဉ်ကြောင့် လားရှိုး တက္ကသိုလ်က တိုက်ပွဲဇုန်ထဲမှာဆိုတော့ သူတို့လည်း ပြင်ဆင်စရာ အကြောင်းရှိနိုင်တယ် ၊ ပြီးခဲ့တဲ့ နှစ် နှစ်ကျော်စလို့ ပညာရေးကျောင်းတွေ အစုံအလင် မဖွင့်နိုင်ဘူး ၊ အထူးသဖြင့် စစ်ကိုင်းတိုင်းမှာ ၂၀ ရာခိုင်နူန်းလောက်ပဲ ပြန်ဖွင့်နိုင်တယ် ၊ ကျန်တဲ့ကျောင်းတွေက အခုထိ ပြန်မဖွင့်နိုင်သေးဘူး ၊ အခြေခံပညာ မူလတန်း ၊ အလယ်တန်း နဲ့ အထက်တန်းကျောင်တွေ ပိတ်ခံထားရတာ ၊ ကန့်သတ်ခံရတာ အဲ့ဒီ အဆင့်ကထက် ကျော်လွန်ပြီး တက္ကသိုလ် အဆင့်ထိပါ ကူးစက်လာနေတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်မှာရှိတဲ့ မြို့ကြီး အချို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် ၊ ညမထွက်ရ အမိန့်တွေ ထုတ်ပြန်တာ နဲ့ လူ ငါးယောက်ထက် ကျော်လွန်၍ မစုဝေးရ ဆိုတာတွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW