လွိုင်ကော်မြို့ပေါ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကိုရင် နှစ်ပါး ပျံတော်မူ ၊ ဒီရက်ပိုင်း တိုက်ပွဲတွေကြောင့် ဒေသခံ ၆၀ ဝန်းကျင်သေဆုံး

 

နိုဝင်ဘာ ၊၂၀၊ ၂၀၂၃

SP ( VOM)

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဥတ္တရာရုံ ပရိယတ္တိစာသင်တိုက်မှာ မနေ့ နိုဝင်ဘာ ၁၉ ရက် ၊ မနက် ၇ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ ဆွမ်းခံသွားဖို့ ပြင်ဆင်နေတဲ့ ကိုရင်လေး နှစ်ပါး ထိမှန်ပြီး ပျံလွန်တော်မူသွားတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မနေ့ မနက်ပိုင်းက ကိုရင်လေး နှစ်ပါး လက်နက်ကြီးကျည် ထိမှန်လို့ ပျံလွန်တော်မူတယ် ၊ ဘွဲ့တော်နဲ့ အသက် မသိရသေးဘူး ၊ ဒီရက်ပိုင်း နိုဝင်ဘာ ၁၁ ရက်ကနေပြီး ၁၉ ရက်အထိ နှစ်ဘက်တိုက်ပွဲတွေကြားမှာ ၊ လွိုင်ကော် မြို့ပြင်ရပ်ကွက်တွေဖြစ်တဲ့ ထေးငှားလျားရပ်ကွက်၊ ချီကယ် ရပ်ကွက်၊ နာနတ်တောရပ်ကွက် ၊ ရေယိုရွာ နဲ့ လွိုင်ကော်စက်မှုဇုံတွေဘက်က အရပ်သားတချို့ တိုက်ပွဲကြားမှာ သေဆုံးတာတွေရှိတယ် ၊ ခန့်မှန်အားဖြင့် စာရင်းကောက်ယူလို့ရတဲ့ အရေအတွက်ကတော့ လက်နက်ကြီးကြောင့် သေဆုံးရသူ ၂၆ ယောက် ၊ လေကြောင်းပစ်ခတ်မှုမှာ သေဆုံးရသူ ၂၇ ယောက် ၊ သေနတ်ကျည်ဆံ မှန်လို့ သေတဲ့သူက ၇ ယောက် ၊ အားလုံး ၅၀ ကျော် ၆၀ နီးပါး နာရေး ဆောင်ရွက်ပေးရတယ်” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီလို သေဆုံးရသူတွေဟာ အရပ်သားတွေဖြစ်ပြီး ၊ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၉ ရက်အတွင်း နှစ်ဘက်တိုက်ပွဲတွေကြားမှာ သေဆုံးရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လွိုင်ကော် တိုက်ပွဲအတွင်း အလောင်းလည်းရှာမတွေ့ ၊ ဆက်သွယ်လို့လည်း မရပဲ ပျောက်ဆုံးနေတဲ့သူက လူ ၂၀၀ ကျော်ရှိပြီး အဲ့ဒီ အထဲမှာ လွိုင်ကော် တက္ကသိုလ်က ပညာရေး ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေလည်း ပါဝင်နေတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံတဦး

 

Related posts

Leave a Comment

VOM News

FREE
VIEW