နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၃
SP( VOM)
ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ မိုးညှင်းမြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း သွားရင်းလာရင်း ပစ်သတ်ခံရသူတွေနဲ့ ဖမ်းဆီးခြင်းခံရလို့ ပျောက်ဆုံးနေသူတွေ များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ နှစ်လောင်းပြိုင် ပစ်သတ်ခံရတာဖြစ်တယ် ၊ အခင်းဖြစ်ပွားတဲ့ နေရာကတော့ မိုးညှင်းမြို့၊ အောင်သပြေ(၁)ရပ်ကွက် ရွှေသာလျောင်းဘုရားအနီး အရှေ့ဘက် တောင်ပေါ်မှာ ဖြစ်တယ် ၊ ပစ်သတ်ခံရသူတွေက အုတ်ကျင်းရပ်ကွက်နေ မိုးမင်းဇော်(ခ)စစ်ကိုင်း (၃၅)နှစ်နဲ့ အမည်မသိ ( စုံစမ်းဆဲ) အမျိုးသား တဦး၊ ပစ်သတ်ခံရတာဖြစ်တယ် ၊ ဘယ်သူတွေက ပစ်သတ်တာလဲဆိုတာနဲ့ ဘာကြောင့် ပစ်သတ်ခံရတာလဲဆိုတာ အခုထိ မသိရသေးဘူး ” လို့ မိုးညှင်းဒေသခံတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ် သက်ပြီး မိုးညှင်းမြို့မရဲစခန်းက (ပ)၉၄ / ၂၀၂၃ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ အရ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက် ၊ မနက် ၈ နာရီဝန်းကျင်က မိုးညှင်းမြို့၊ အောင်သပြေ (၁) ရပ်ကွက်အနီးမှာရှိတဲ့ လောက်စာတောင်မှာဝါးခုတ်နေတဲ့ ဦးချိုနိုင်ထွေး ၄၁ နှစ်ဆိုသူ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကျည်ဖောက်ဝင် ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။
လောက်စာတောင်နားမှာ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း အမျိုးသမီး တယောက် ပစ်သတ်ခံရတယ်လို့ သိရပါတယ်။
မိုးညှင်းမြို့နယ်မှာ ပစ်သတ်ခံရတာတွေနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ပျောက်ဆုံးနေတာတွေနဲ့ ပတ်သက်လို့ ဒေသခံ တယောက်က
” အခုတလော မိုးညှင်းမှာ ပစ်သတ်ခံရတဲ့ လူသတ်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ် ၊ ဒီရက်ပိုင်းအတွင်း ဖြစ်စဥ် လေးငါးခုလောက်ရှိတယ် ၊ နောက်ပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားလို့ ဆက်သွယ်မရ ပျောက်ဆုံးနေသူတွေလည်းရှိတယ် ” လို့ ပြောပါတယ်။
မိုးညှင်းခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ကချင်ပြည်နယ်မှာ မိုးညှင်းခရိုင်က ဧရိယာကျယ်ဝန်းပြီး ရွှေ့ပြောင်းအလုပ်သမား အများစုနေထိုင်တယ် ၊ နောက်ပြီး မိုးညှင်းဆိုတာကချင်ပြည်နယ်ရဲ့ အဝင်အထွက်မှာရှိပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာ ပြစ်မှုတွေ ဖြစ်ပေါ်တာများတယ် ၊ မိုးညှင်းနယ်ထဲမှာ ဒေသတွင်း လက်နက်ကိုင် အဖွဲ့စုံနီးပါးရှိတယ် ၊ အဲ့ဒါကြောင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပွတ်တိုက်မှုတွေဖြစ်ပြီး သတ်ခံရတာတွေရှိတယ် ၊ မူးယစ်ဆေးဝါး ပြဿနာ ၊ စီးပွားရေး ကိစ္စ တွေနဲ့လည်း သတ်ခံရတာတွေရှိတယ် ၊ တခရိုင်လုံး အတိုင်းတာနေနဲ့ ဒီနှစ်ထဲမှာ လူသတ်မှု ၊ ဓားပြမှု ၊ လုယက်မှု ဖြစ်စဥ် ၂၀၀ ကျော်ရှိမယ် ” လို့ ပြောပါတယ်။
မိုးညှင်ခရိုင်ထဲမှာ ဟိုပင်မြို့နယ်ခွဲနဲ့ ဖားကန့်မြို့တွေပါဝင်နေပြီး ဖားကန့်နယ်မှာ မကြာခဏ လူသတ်မှု ၊ လုယက်မှု ၊ ဓားပြမှုနဲ့ လူပြန်ပေးဆွဲမှုတွေ ဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
#voiceofmyanmar #VOM #voiceofMyanmar #vom #မိုးညှင်းမြို့ #ပစ်သတ်ခံရ #ပျောက်ဆုံးနေသူများ