ကလေးမြို့နယ်ထဲက ဒိုးဝိုင်းချောင်း ထိတွေ့ တိုက်ပွဲမှာ အရပ်သား လေးဦး သေဆုံး

 

နိုဝင်ဘာ ၊ ၂၄ ၊ ၂၀၂၃

SP ( VOM)

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ် အနောက်မြောက်ပိုင်း ၊ လေး – လက်ပံချောင်း ကားလမ်းဘေးက ဒိုးဝိုင်းချောင်းရွာနားမှာ နစက လုံခြုံရေး ကင်းစခန်းနဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာကနေ နှစ်ဘက် ပစ်ခတ်မှုတွေကြားမှာ အရပ်သား တချို့ ထိခိုက်သေဆုံးတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” အဲ့ဒီတိုက်ပွဲကို ဒိုးဝိုင်းချောင်းတိုက်ပွဲလို့ ဒေသခံတွေက ခေါ်ဆိုကြတယ် ၊ တိုက်ပွဲဖြစ်တာက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်မှာဖြစ်တယ် ၊ အဲ့ဒီနေ့မှာပဲ သေဆုံးသူတွေရဲ့အလောင်းတချို့ ကောက်ယူလို့ ရသလို ၊ မနေ့ကမှ ကောက်ယူလို့ရတာတွေရှိတယ် ၊ အရပ်သား သေဆုံးသူတွေကတော့ ဦးလာလ်းဟွမ်းလျန်းထန်းငါ (Tv Lal Huam Lian Thanga) ၄၉ နှစ် ၊ ဒေါ်ဗန်ရမ်ပါရ် (Nu Van Ram Par) ၂၈ နှစ် နဲ့ ဦးဂင့်လျန်းတွောင် (Pa Gin Lian Tuang) အပြင် လေးနှစ်အရွယ် ကလေးငယ် တယောက်ပါ သေဆုံးတယ် ၊ သူ့နာမည်က မောင်မုန်ဆောမ်းဆန် (Mung Sawm Sang) ဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

ဒါ့အပြင် အရပ်သား သေဆုံးသူ လေးယောက်အနက်က ဦးလာလ်းဟွမ်းလျန်းထန်းငါ (Lal Huam Lian Thanga) နဲ့ မောင်မုန်ဆောမ်းဆန် (Mung Sawm Sang) တို့ရဲ့ အလောင်းနှစ်လောင်းကို တိုက်ပွဲဖြစ်ပွားတဲ့ နိုဝင်ဘာ ၂၁ ရက်မှာ ကောက်ယူနိုင်ပြီး ကျန်နှစ်လောင်းကိုတော့ မနေ့ကမှ ကောက်ယူ သဂြိုလ်နိုင်တာလို့ သိရပါတယ်။

အဲ့ဒီ ဒိုးဝိုင်းချောင်း တိုက်ပွဲမှာ အရပ်သား ထိမှန် သေဆုံးသူ အခုထိ လေးယောက်ရှိပေမယ့် ၊အဲ့ဒီ သေဆုံးသူ အရေးအတွက် စာရင်းမှာ နစက လုံခြုံရေးအဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေရဲ့ ထိခိုက် သေဆုံးမှု ပါဝင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဒီရက်ပိုင်းအတွင်း ကလေးမြို့နယ် ၊ မြောက်ပိုင်းမှာရှိတဲ့ ရာဇဂြိုလ် ဆည်လုံခြုံရေးစခန်းနဲ့ အကျဥ်းဦးစီးဌာန ကုန်ထုတ်လုပ်ရေးစခန်းတွေအပြင် ကလေးမြို့နယ် တောင်ပိုင်းက မြောက်စည်း နယ်မြေရဲစခန်း နဲ့ ရန်ကြီးအောင် တပ်စခန်း အပါအဝင် နေရာ တော်တော်များများမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် နှစ်ဘက် တိုက်ခိုက်သူ အချင်းချင်း ထိခိုက်သေဆုံးတာတွေ.အပြင် ၊ ကြားက ဒေသခံအရပ်သားတွေ ထိမှန်လို့ ဒီရက်ပိုင်း အတွင်း သေဆုံးရသူပေါင်း ၁၀ ယောက်ထက်မနည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီအပြင် ပြီးခဲ့တဲ့ နှစ် နှစ်ကျော်ကာလအတွင်း ကလေးမြို့နယ်မှာစစ်ရေး ၊နိုင်ငံရေး စတာတွေနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အရပ်သား ပြည်သူ ပစ်သတ်ခံရတာ၊ လက်နက်ကြီးထိမှန်တာ လို့ သေဆုံးတာ အပြင် တိုက်ပွဲရှောင်း ပြေးလွှားရင် ကျည်ဆံ ထိမှန်သေဆုံးရတဲ့ သူပေါင်း တရာကျော်သွားပြီလို့ မှတ်တမ်းတွေအရ သိရပါတယ်။

ဓာတ်ပုံ ၊ ဒိုးဝိုင်းချောင်းတိုက်ပွဲမှာ သေဆုံးသူ အရပ်သားတွေရဲ့ နာရေးမြင်းကွင်း (ဒေသခံ တဦး)

 

Related posts

Leave a Comment

VOM News

FREE
VIEW