သီလဝါ ဆိပ်ကမ်းမှာ ထုတ်ယူမှုအခက်အခဲကြောင့် ရန်ကုန်ဆီဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေ

 

ဒီဇင်ဘာ ၅ – ၂၀၂၃

SN (VOM)

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က သီလဝါ ဆိပ်ကမ်းမှာ ဆီထုတ်ယူမှု အခက်အခဲကြောင့် ရန်ကုန်မြို့က ဆီဆိုင်တချို့မှာ ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ စက်သုံးဆီအရောင်းဆိုင်တွေနဲ့ အငှားယာဉ်မောင်းတွေဆီက သိရပါတယ်။

“သီလဝါဆိပ်ကမ်းမှာတောင် ဆီဘောက်ဆာကားတွေ ပုံနေတယ်။ လီတာ တသောင်းငါးထောင့်ငါးရာကို လေးပွိုင့်၊ လေးနေရာခွဲထုတ်ရတယ်။ တပွိုင့်ထုတ်ဖို့ နှစ်ရက်ကြာတယ်။ စက်သုံးဆီ PO တွေကို တရက်စာရောင်းဖို့ ခွဲတမ်းချပေးတယ်။ အဲ့ဒီ့ ချပေးတဲ့ တရက်စာ PO လေးမှာမှ ဆီက လေးမျိုး၊ ထုတ်ရမယ့် Terminal က သုံးခု၊ လေးခု။ Terminal တခုစီမှာ ဆီထုတ်ရတာက တညအိပ်၊ နှစ်ရက်က အနည်းဆုံးပဲ” လို့ စက်သုံးဆီအရောင်းဆိုင် တာဝန်ရှိသူတယောက်က ပြောပါတယ်။

လက်ရှိမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်လာနဲ့အတူ စက်သုံးဆီအရောင်းဆိုင် အများစုမှာ ဆီပြတ်လပ်လာတဲ့အတွက် တချို့ဆိုင်တွေဟာ ကားတစီးကို ကျပ် နှစ်သောင်းဖိုး၊ ဆိုင်ကယ်တစီးကို ကျပ်ငါးထောင်ဖိုးသာ ရောင်းချပေးနေရတယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်းတယောက်က “တချို့ဆိုင်တွေ ဆီတောင်မရှိတော့ဘူး၊ ဆိုင်ပိတ်ထားတယ်။ ကျွန်တော်တို့ဆို ဆီတတုံးလျော့တာနဲ့ တွေ့ရင်တွေ့တဲ့ဆိုင် ဝင်ထည့်ထားရတယ်။ ဆိုင်တွေမှာ ဆီဘောက်ဆာရောက်တဲ့အချိန် ရတယ်။ ဆီဘောက်ဆာရောက်တဲ့အချိန်နဲ့တိုးရင် တန်းစီစရာတောင်မလိုဘူး။ နောက် ၁၅ မိနစ်လောက်နေမှဆိုရင်တော့ တန်းစီတော့ပဲ။ မနေ့က မြောက်ဥက္ကလာ Denko မှာတန်းစီတာ နာရီဝက်လောက် ကြာတယ်။ ပန့်ခ်က နှစ်ယောက်ကို တပန့်ခ်ပဲပေးထားတယ်၊ နှစ်တန်းကို။ အရင်လို လေးပန့်ခ်၊ ငါးပန့်ခ် မပေးဘူး။ တန်းစီနေတဲ့ ကားတွေကအများကြီးနော်။ ဒါပေမယ့် နှစ်ယောက်ကို တပန့်ခ်စီပဲ၊ လူက နှစ်ယောက်ပဲ ထားထားတယ်။ ပြီးတော့လည်း ဆီက 92 တမျိုးပဲရတယ်” လို့ ပြောပါတယ်။

နစက က စက်သုံးဆီသမားတွေကို 92,95 တန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ဈေး တဒေါ်လာ ၂၁၀၀ နဲ့ ရောင်းချမပေးတော့တဲ့အတွက် ဒီဇင်ဘာ ၁ ရက်မှာ စက်သုံးဆီ တလီတာ ၂၅၀၀ ကျော်အထိ ဈေးတက်လာသလို သီလဝါ Terminal တွေမှာ ဆီထုတ်ယူမှု အခက်အခဲတွေလည်း ဖြစ်ပေါ်လာတာကြောင့် အခုလို ဆိုင်တွေမှာ ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေရတာလို့ စက်သုံးဆီလုပ်ငန်းရှင် အသိုင်းအဝိုင်းမှာ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

“ဟိုတနေ့ကဆို ၂၅၁၀ မဖြစ်ခင်တုန်းကတရက်တို အရောင်းပိတ်ပစ်လိုက်တယ်လေ။ ဆီမရှိတော့ဘူး ပြောတယ်။ ဆီဈေး မနက်ဖြန်တက်မယ်ဆို ဒီနေ့ကို အရောင်းပိတ်လိုက်တာ။ ဈေးတက်မယ်ဆိုတာ သူတို့ ကြိုသိနေလို့နေမယ်” လို့ အဲ့ဒီ့ အငှားယာဉ်မောင်းက ပြောပါတယ်။

စက်သုံးဆီတင်သွင်းရာမှာ လိုအပ်တဲ့ အမေရိကန်ဒေါ်လာတဝက်ကို နစက က တဒေါ်လာ ၂၁၀၀ ကျပ်နဲ့ ရောင်းချပေးကာ သတ်မှတ်ဈေးနဲ့ ပြည်တွင်း ဈေးကွက်အတွင်း ဖြန့်ဖြူးစေတာဖြစ်ပြီး လက်ရှိမှာ ဒီဇယ်ဆီအတွက်သာ ဒေါ်လာရောင်းပေးတော့မှာဖြစ်ပြီး ဓာတ်ဆီတင်သွင်းဖို့အတွက်ကိုတော့ ရောင်းပေးတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

အခုလို ဈေးကွက်အတွင်း စက်သုံးဆီ ပြတ်လပ်လာတာ၊ ဈေးနှုန်း မြင့်တက်လာတာတွေနဲ့ ပတ်သက်လို့ နစကဘက်က တစုံတရာ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW