ဒီဇင်ဘာ ၆၊ ၂၀၂၃
Shy V (VOM)
တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ကျင်စန်းကျော့မှာ စစ်တပ်နဲ့ မြောက်ပိုင်း မဟာမိတ် ညီနောင်တို့အကြား တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ပြည်သူ တထောင်ကျော် လက်ရှိ စားစရာ ပြတ်လပ်ပြီး အခက်အခဲ ဖြစ်နေကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။
“ကားသမား၊ အလုပ်သမား၊ ရွှေ့ပြောင်း လုပ်သားတွေ စားစရာ ပြတ်လပ်လို့ အကူအညီ တောင်းလာတယ်။ ခန့်မှန်း လူဦးရေ တထောင်လောက်ရှိတယ်လို့ ပြောတယ်။” လို့ နယ်စပ် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
ကျင်စန်းကျော့ဘက် သွားတဲ့ လမ်းတွေ ပိတ်ထားတာကြောင့် အကူအညီရဖို့လည်း အခက်အခဲ ဖြစ်နေသလို မည်သည့်အကူအညီမှ မရကြဘူးလို့ ဒေသခံ တယောက်က ပြောပါတယ်။
“ဖုန်းလိုင်း မရှိတဲ့ ဥစ္စာ သုံးဖွဲ့ ရှိတယ်ဗျ။ ဖုန်း လိုင်း လုံးဝ မမိဘူး။ အဲဒီနေရာ သုံးဖွဲ့ ရှိတယ်။” လို့ သူက ရှင်းပြပါတယ်။
လက်ရှိမှာတော့ မူဆယ်မြို့ကနေ ကျင်းစန်းကျော့လမ်းကို ပိတ်ထားသလို တရုတ်ဘက် ဂိတ်ပေါက်လည်း ပိတ်ထားပြီး ပန်ဆိုင်း (ကြူကုတ်) ကနေ ကျင်စန်းကျော့ အသွားအလာကိုလည်း ခွင့်မပြုကြောင်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲ ဖြစ်ပွားရာ နေရာတွေမှာရှိတဲ့ ပြည်သူတွေ ဖုန်း၊ အင်တာနက် ပြတ်တောက်မှု အပြင် စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေကြရတာပါ။
Photo Crd# CJ