အိမ်သုံးဂက်စ် ပြတ်လပ်နေပြီး ဈေးထပ်တက်လာ

 

ဒီဇင်ဘာ ၅ – ၂၀၂၃

SN (VOM)

ရန်ကုန်မြို့အပါအဝင် မြို့တချို့က အိမ်သုံးဓာတ်ငွေ့ရည် (LPG) ဆိုင်တွေမှာ ဂက်စ်ပြတ်လပ်နေပြီး ဈေးတွေ ထပ်တက်လာတယ်လို့ ဂက်စ်အရောင်းဆိုင်တွေနဲ့ သုံးစွဲသူတွေဆီက သိရပါတယ်။

အိမ်သုံးဂက်စ် ဈေးနှုန်းတွေဟာ လက်ရှိမှာ တပိဿာကို ၈၀၀၀ ကနေ ၉၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်လာတာဖြစ်ပြီး ဆိုင်တိုင်းမှာလည်း ဝယ်ယူလို့မရဖြစ်နေတယ်လို့ သိရပါတယ်။

“ဂက်စ်သင်္ဘောက သုံးစင်းရောက်နေပြီ။ ဒါပေမယ့် လိုင်စင်ကိစ္စကြောင့် ကမ်းကပ်လို့မရ‌သေးဘူးလို့ ကြားတယ်။ လိုင်စင်က ကမ်းကပ်ရင်လည်း လိုတယ်၊ ပြန်ထွက်ရင်လည်း လိုတယ်လေ။ အဲ့ဒါကို ဒီဘက်က ဘာလို့ လက်မှတ်မထိုးပေးသေးလဲ မသိဘူး။ အဲ့ဒါကြောင့် ဆိုင်တွေမှာ ဂက်စ်မရှိဖြစ်နေတာ။ သူတို့ပြောတာတော့ ၈ ရက်နေ့လောက်မှ အဆင်ပြေမယ်ပြောတာပဲ။ အဲ့နေ့မှမရရင်တော့ အဲ့ထက်လည်း ပိုကြာနိုင်သွားနိုင်တယ်လို့လည်း ပြောတယ်။ အခုက ဂက်စ်ပြတ်သွားတဲ့ဆိုင်က တခြား လက်ကျန်ရှိနေသေးတဲ့ဆိုင်ကနေ ယူရောင်းနေရတော့ ဈေးက နှစ်ဆင့်ခံဆိုတော့ တက်သွားတာ။ အစစအရာရာ ကုန်ဈေးနှုန်းတွေကြောင့် အကုန်လုံး ကြပ်တည်းနေကြတဲ့အချိန်ဆိုတော့ ကျွန်တော်တို့ကတော့ ဈေးကို လိုတာထက်ပိုပြီးမတင်ထားပါဘူး။ ရောင်းနိုင်သလောက် အမြတ်နည်းနည်းနဲ့ ရောင်းပေးနေပါတယ်” လို့ အိမ်သုံးဂက်စ်အရောင်းဆိုင်မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

လက်ရှိ ဈေးကွက်အတွင်း အိမ်သုံးဂက်စ်ရောင်းစရာ ကျန်ရှိနေတဲ့ ဆိုင်တွေဟာလည်း စျေးကွက်အတွင်း လိုအပ်သလောက် ရောင်းပေးနိုင်ခြင်းမရှိဘဲ ဖောက်သည်တွေကိုသာ ဦးစားပေး ရောင်းချပေးနေရတယ်လို့ သိရပါတယ်။

အိမ်သုံးဂက်စ် ဈေးနှုန်းတွေဟာ အရင်က ဂက်စ်အသေးတဘူး ၁၀၀၀ ကျပ်၊ ပိဿာဈေး တပိဿာ ၆၀၀၀ ကျပ် ရှိခဲ့ရာက ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးပတ်မှာတော့ ဂက်စ်အသေးတဘူး ၁၂၀၀ ကျပ်၊ ပိဿာဈေး ၆၅၀၀ ကျပ်အထိ မြင့်တက်လာတာဖြစ်ပြီး လက်ရှိမှာ‌တော့ ပိဿာဈေးတွေ ထပ်မံ မြင့်တက်နေတာ ဖြစ်ပါတယ်။

“မနေ့က ဒီ မြောက်ဒဂုံထဲမှာ ဂက်စ်မရလို့ မြောက်ဥက္ကလာဘက် သွားဝယ်ရတယ်။ မြောက်ဒဂုံထဲမှာ ဂက်စ်ဆိုင် သုံး၊ လေးဆိုင်လောက် လိုက်ထည့်တာ ဘယ်မှာမှ မရဘူး၊ အကုန်ပိတ်ထားတယ်။ မြောက်ဥက္ကလာမှာတော့ တဆင့်ခံ ယူရောင်းနေရလို့တဲ့။ တပိဿာ ၉၀၀၀ ဈေးနဲ့ ထည့်ခဲ့ရတယ်။ မြောက်ဒဂုံမှာတော့ တပိဿာ ၈၀၀၀ ဈေးရှိတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဘူးသေးက ၆၅၀၊ ပိဿာဈေးက တပိဿာ ၄၅၀၀ ဈေးပေါ့။ အဲ့ဒီ့ကနေမှ အခု တဘူး ၁၂၀၀ ၊ တပိဿာ ၈၀၀၀ ၊ ၉၀၀၀ အထိ ဖြစ်လာတာ။ ဈေးက အများကြီးကွာသွားပြီ။ အရမ်းကို တိုးတက်လာတာပါ” လို့ မြောက်ဒဂုံမြို့နယ်က အိမ်သုံးဂက်စ်သုံးစွဲသူတယောက်က ပြောပါတယ်။

လက်ရှိ ဈေးကွက်အတွင်း သုံးစွဲနေကြတဲ့ အိမ်သုံးဂက်စ်တွေဟာ ထိုင်းနိုင်ငံမှ အဓိက တင်သွင်းနေတာဖြစ်ပြီး ယူအေအီးမှလည်း တင်သွင်းလျက်ရှိကာ အိမ်သုံးသာမက စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေမှာလည်း အသုံးပြုကြပါတယ်။

အိမ်သုံးဂက်စ်ကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပေမယ့်လည်း အသုံးမခံတဲ့အတွက် ဈေးကွက်အတွင်း ဝေစုအနည်းငယ်သာ ရရှိတာကြောင့် အများစုမှာ ထိုင်းနိုင်ငံမှ တင်သွင်းတဲ့ ဂက်စ်တွေကိုသာ အသုံးပြုကြရတယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW