ဒီဇင်ဘာ ၆ – ၂၀၂၃
SN (VOM)
နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်ရာမှာ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုလိုက်တဲ့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ဟာ ပို့ကုန်လုပ်ငန်းတွေအတွက် အဆင်ပြေပြီး သွင်းကုန်လုပ်ငန်းတွေအတွက် ခက်ခဲနိုင်တယ်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။
နိုင်ငံခြားငွေတွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်တွေအနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading) မှာ အရောင်းအဝယ်ပြုလုပ်ရာမှာ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးတော့မှာ မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနဲ့ ဝယ်ယူလိုသူတွေက တင်သွင်းတဲ့ ငွေလဲလှယ်နှုန်းပေါ် မူတည်ပြီး Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုတယ်လို့ အဲ့ဒီ့ဘဏ်က ဒီဇင်ဘာ ၅ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့တဲ့ နိုင်ငံခြားငွေကို ပြည်ပကို လွှဲပြောင်းရာမှာ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လွှဲပြောင်းပေးရမှာဖြစ်တယ်လို့လည်း အဲ့ဒီ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“အခုလို ဖွင့်ပေးလိုက်တဲ့အတွက် ပို့ကုန်တင်ပို့မှု များလာနိုင်တယ်။ export များလာရင်တော့ ဒေါ်လာ ဝင်လာနိုင်တာပေါ့။ အခုဖြေလျော့မှုက နိုင်ငံခြားငွေတွေကို ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ဈေးနှုန်းသတ်မှတ် ရောင်းဝယ်ခွင့်ကိုပဲ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ဦးစားပေး သွင်းကုန်တွေအတွက် သတ်မှတ်ထားတဲ့ စံမူဝါဒတွေနဲ့ စံလုပ်ထုံးတွေအပေါ်မှာတော့ လတ်တလောအနေနဲ့ အပြောင်းအလဲ မရှိသေးပါဘူး။ သွင်းကုန်သမားတွေအတွက်က ဒေါ်လာအတက်အကျပေါ် မူတည်ပြီး အခက်အခဲ ရှိနိုင်တယ်” လို့ ပို့ကုန်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဒါ့အပြင် အခုလို ဒေါ်လာအရောင်းအဝယ် ဖြေလျော့ပေးခြင်းဟာ စီးပွားရေးလုပ်ငန်းတွေရဲ့ ကုန်ကျစရိတ်တွေနဲ့ လူတဦးချင်းစီအတွက် အခြေခံလူနေမှုစရိတ်တွေပါ ယာယီမြင့်တက်သွားနိုင်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
“ပို့ကုန်သမားတွေအတွက်တော့ အဆင်ပြေပါတယ်။ သွင်းကုန်သမားကတော့ ဒေါ်လာစျေး အတက်အကျပေါ်မှာ ကုန်ပစ္စည်းစျေးကစားမှာပေါ့။ အခက်အခဲ ကပြည်သူတွေမှာပဲ ခံစားရမှာ” လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဗဟိုဘဏ်အနေနဲ့ အခုလို နိုင်ငံခြားငွေလဲလှယ်နှုန်းကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးလိုက်တဲ့အတွက် အကြောင်းအမျိုးမျိုးနဲ့ သိမ်းဆည်းထားကြတဲ့ နိုင်ငံခြားငွေတွေ ဈေးကွက်အတွင်း ပြန်လည် ဝင်ရောက်လာနိုင်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
“အမှန်ကတော့ ဘယ်နေရာအဆို float market ကတော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် မြန်မာပြည်မှာက မထိန်းချုပ်ရင်လည်းမရတဲ့ အနေအထားရှိတော့ အရမ်းကြီး ဖွင့်ပေးတာလည်း သိပ်တော့ သဘောတော့မကျဘူးပေါ့။ ဘာလို့ဆို ထိန်းချုပ်မှုမရှိရင် မြန်မာပြည်ရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက တကိုယ်ကောင်းစိတ်ဓာတ်များတယ်။ သိပ်ပြီးတော့ အများကိုမကြည့်တာများတယ်။ အဲ့ဒါတခုတော့ ကျွန်တော်တို့က စိုးရိမ်တယ်။ ထိန်းကျောင်းကွပ်ကဲမှုက လိုအပ်ဆဲလို့ပဲ ကျွန်တော်တို့ကယူဆတယ်။ over control တော့ မဖြစ်စေနဲ့ပေါ့လေ။ ဒါပေမယ့်လို့ အဲ့လိုကြီးတော့ အကုန် ဖွင့်ပေးလိုက်တာကတော့ နည်းနည်းလေးတော့ risk များတယ်လို့ ယူဆပါတယ်” လို့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က ပြောပါတယ်။
လက်ရှိ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ဗဟိုဘဏ်က သက်ဆိုင်ရာတာဝန်ရှိသူဆီ VOM က ဆက်သွယ်မေးမြန်းရာမှာတော့ ပြန်လည် ဖြေကြားပေးခြင်း မရှိခဲ့ပါဘူး။
နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားခွင့် AD လိုင်စင်ရ ဘဏ်တွေအနေနဲ့ နိုင်ငံခြားငွေဈေးကွက်အတွင်း ဘဏ်နဲ့ ဖောက်သည်တွေအကြား အရောင်းအဝယ်ပြုလုပ်တာ (ဒါမှမဟုတ်) ဖောက်သည်အချင်းချင်း အရောင်းအဝယ်ပြုလုပ်တဲ့ နိုင်ငံခြားငွေကြေးဈေးကွက် Online Trading အစီအစဉ်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဦးဆောင်ပြီး အခု၂၀၂၃ ခုနှစ်၊ ဇွန် ၂၂ ရက်က စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ပို့ကုန်တင်ပို့သူတွေက အနစ်နာခံဆောင်ရွက်နေရပြီး သွင်းကုန်တင်သွင်းသူတွေကသာ အကျိုးအမြတ်တွေရနေကြောင်း တင်ပြမှုတွေရှိတဲ့အတွက် အဲ့ဒီ့ကိစ္စတွေကို တတ်နိုင်သမျှ ဖြေလျော့ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ နစကဥက္ကဋ္ဌက ဒီဇင်ဘာ ၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားထားပါတယ်။