ဘန်ကောက်၊ ဒီဇင်ဘာ-၈-၂၀၂၃
မျိုးဆက်(VOM)
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေတိုးမြှင့်ပေးဖို့ လုပ်ငန်းအဖွဲ့ဖွဲ့စည်းပြီး အခြားအကူအညီပေးရေး အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ မြန်မာဘက်က လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့တဖွဲ့ကို များမကြာခင် ထိုင်းနိုင်ငံကို စေလွှတ်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
ကနဦးအဆင့် အကောင်အထည်ဖော်မှုအောင်မြင်ပါက အခြားသော အကူအညီပေးရေးအေဂျင်စီတွေကို အနာဂတ်မှာ အခန်းကဏ္ဍတခုအဖြစ်ပါဝင်ဖို့ ဖိတ်ခေါ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံမှာကျင်းပတဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးမှာ မြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပရန်ပီးဘာဟစ်ဒါနူကာရာတို့ တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ သဘောတူခဲ့တာဖြစ်ပါတယ်။
ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံ၊ အာဆီယံအဖွဲ့နဲ့ နိုင်ငံတကာအသိုက်အဝန်းအကြား အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေဆီကို ဦးတည်သွားဖို့ ထိုင်းနိုင်ငံကမျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီး မြန်မာစစ်တပ်ကို တိုက်ခိုက်နေတာကြောင့် နယ်စပ်ဒေသတွေမှာ ပဋိပက္ခတွေ ပိုမိုဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။
တိုက်ပွဲတွေကြောင့် အောက်တိုဘာနှောင်းပိုင်းမှစပြီး လူသုံးသိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းကျော်ရှိလာပြီလို့ ဆိုပါတယ်။
Ref:Reuters
Photo:Reuters