ပေကျင်း၊ ဇန်နဝါရီ-၁-၂၀၂၃
မျိုးဆက်(VOM)
ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီး ပြန်လည်ပေါင်းစည်းရေးဟာ ရှောင်လွှဲလို့မရကြောင်း တရုတ်သမ္မတရှီကျင်းပင်က နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။
နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ပုံဖော်နိုင်ဖွယ်ရှိတဲ့ ထိုင်ဝမ်ရွေးကောက်ပွဲကျင်းပဖို့ သီတင်းပတ်အနည်းငယ်အလိုမှာ ပြန်လည်ပေါင်းစည်းရေးနဲ့ပတ်သက်ပြီး ရှီကျင်းပင်က အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။
ထိုင်ဝမ်နဲ့အမိမြေ ပြန်လည်ပေါင်းစည်းရေးဟာ ရှောင်လွှဲလို့မရတဲ့ သမိုင်းဝင်ကိစ္စဖြစ်ပြီး မုချပြန်လည်ပေါင်းစည်းရလိမ့်မယ်လို့ တရုတ်သမ္မတက ပြောပါတယ်။
ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဘက်စလုံးမှာရှိတဲ့ တရုတ်လူမျိုးတွေအနေနဲ့ ဘုံသဘောတူညီချက်တရပ်နဲ့ စည်းနှောင်ပြီး တရုတ်နိုင်ငံရဲ့ ပြန်လည်နုပျို တိုးတက်လာမှုတွေကို မျှဝေခံစားသင့်တယ်လို့ သူကဆိုပါတယ်။
ထိုင်ဝမ်ဟာ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်အတွင်း တရုတ်နိုင်ငံကနေ ခွဲထွက်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံကတော့ လူဦးရေ ၂၃ သန်းရှိတဲ့ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်ရေးအင်အားအသုံးပြုမယ်လို့ ဆိုထားပါတယ်။
လက်ရှိထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ တရုတ်နိုင်ငံနဲ့ သမိုင်းကြောင်းအရ ပိုမိုနီးကပ်တဲ့ ကူမင်တန်ပါတီမှ Hou Yu-ih နဲ့ အာဏာရ ဒီမိုကရက်တစ်ပါတီမှ Lai Ching-teတို့ အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေပြီး Lai Ching-te က စစ်တမ်းတွေအရ အသာစီးရနေပေမယ့် သမ္မတလောင်းနှစ်ယောက်ဟာ တရုတ်နဲ့ငြိမ်းချမ်းတဲ့ဆက်ဆံရေးကို မဲဆွယ်စည်းရုံးမှုတွေအတွင်း အလေးပေးပြောဆိုခဲ့ကြပါတယ်။
Ref:Reuters
Photo :AFP