၂၀၂၄ ခုနှစ်အတွင်း စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ကမ္ဘာ့နိုင်ငံရေး ပြဇာတ်များ

 

ဇန်နဝါရီ-၂-၂၀၂၄

မျိုးဆက်(VOM)

ကုန်ဆုံးသွားခဲ့ပြီဖြစ်တဲ့ ၂၀၂၃ ခုနှစ်ဟာ အကောင်းအဆိုး အနိမ့်အမြင့် အတက်အကျတွေနဲ့အတူ ရောပြွန်းခဲ့တဲ့ နှစ်တနှစ်ဖြစ်ပြီး အဆိုးဘက်ကိုဦးတည်ခဲ့တယ်ဆိုရမှာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာ သေဆုံးခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို အဆုံးသတ်နိုင်ခဲ့မှု ၊ စီးပွားရေးလုပ်ငန်းတွေ ကပ်ရောဂါမတိုင်ခင်ကလို ပြန်လည်လုပ်ကိုင်နိုင်တာမျိုးတွေနဲ့ အချို့သော ပဋိပက္ခတွေသာ အဆုံးသတ်နိုင်တာမျိုးတွေက ကမ္ဘာ့လူသားတွေအတွက် အားတက်ဖွယ်ဖြစ်ခဲ့ပေမယ့် ရာသီဥတု ဖောက်ပြန်တာတွေ၊ သဘာဝဘေး ၊ နိုင်ငံအချို့မှာဖြစ်ပွားနေတဲ့ အငတ်ဘေး၊ စစ်ဘေးတွေအပါအဝင် ပဋိပက္ခနဲ့တင်းမာမှုနဲ့ ဒီမိုကရေစီကို သင်းသတ်မှုတွေက လွှမ်းမိုးခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ၂၀၂၄ ခုနှစ် နှစ်သစ်ဟာ နှစ်ဟောင်းက ဖြစ်ရပ်တွေရဲ့ ဆက်လက်ရိုက်ခတ်မှု၊ ကမ္ဘာ့ပထဝီနိုင်ငံရေး တင်းမာမှုနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေရဲ့ ထုဆစ်ပုံပေါ်ဖော်မှုကို ခံရဖွယ်ရှိနေပြီး စိတ်ဝင်တစားနဲ့ ဆက်လက်စောင်ကြည့်ရမယ့် ကမ္ဘာ့နိုင်ငံရေး အထင်ကရ ဖြစ်စဉ်တွေကလည်း ရှိလို့နေပါတယ်။

#အစ္စရေး-ဟားမတ်စ် ပဋိပက္ခ

ဂါဇာကမ်းမြှောင်ဒေသကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်တို့က ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်မှာ အစ္စရေးကို ဝင်ရောက်တိုက်ခဲ့တာက အစပြုခဲ့တဲ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲဟာ အစ္စရေး(ဂျူး) နဲ့ ပါလက်စတိုင်းပြသနာမှာ အတင်းမာဆုံးအခြေအနေထိ ရောက်နေပြီဖြစ်ပါတယ်။

ဟားမတ်တွေက အစ္စရေးတောင်ပိုင်းကို အံ့အားသင့်ဖွယ် တိုက်ခိုက်မှုအတွင်း အစ္စရေးမှာ လူ ၁၂၀၀ သေဆုံးပြီး ၂၄၀ ကို ဓါးစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပြီးနောက်မှာ သမိုင်းကြောင်းအရ ပြေလည်မှုမရရှိခဲ့တဲ့ ပါလက်စတိုင်းပြသနာရဲ့အကျိုးဆက်ကို ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတွေက ကြိုးပမ်းလို့နေပါတယ်။

ဒါပေမယ့်လည်း ဟားမတ်စ်တို့ကို ဆုံးခန်းတိုင်တဲ့ထိ ချေမှုန်းတိုက်ခိုက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုရဲ့ အခိုင်အမာပြောဆိုပါတယ်။

လက်ရှိချိန်မှာတော့ အစ္စရေးတပ်တွေဟာ ဂါဇာမြောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ မြေပြင်ထိုးစစ်နဲ့ လေကြောင်းကနေ ဟားမတ်စ်တွေရဲ့ မြေအောက်ဥမင်ကွန်ရက်တွေနဲ့ အခြေစိုက်စခန်တွေကို အပြင်းအထန် ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။

အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်း ဂါဇာမှာ ပါလက်စတိုင်း နှစ်သောင်းတထောင်ကျော်ထိ သေဆုံးခဲ့ပြီဖြစ်ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေမှာ အစ္စရေးစစ်တပ်ကလည်း ဂါဇာစစ်ပွဲဟာ ၂၀၂၄ ခုနှစ်တလျှောက်လုံး ဆက်ဖြစ်နေဖွယ်ရှိတယ်လို့ ထုတ်ပြန်ထားပြီး ရေရှည်စစ်ပွဲအတွင် ပြင်ဆင်တာနဲ့ တပ်ဖြန့်တာတွေကို ချိန်ညှိလုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့်လည်း ဟားမတ်စ်နဲ့ ပါလက်စတိုင်းကို ထောက်ခံမှုပြုတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ အခြေအနေတွေက အစ္စရေးတို့ အနေနဲ့ဟားမတ်စ်တို့ကို အပြီးတိုင်ခြေမှုန်းပြီး ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်နိုင်မလား၊ ကမ္ဘာ့နိုင်ငံတွေရဲ့ ကြားဝင်မှုနဲ့အတူ ပဋိပက္ခအဆုံးသတ်သွားနိုင်မလားနဲ့ အစ္စရေးအတွက် ဒေသတွင်းမှာ စစ်ဘောင် ပိုမိုကျယ်လာမလား စိတ်ဝင်တစား ဆက်လက်စောင့်ကြည့်ရမယ့် စစ်ပွဲတပွဲဖြစ်နေပါတယ်။

#ပိုမိုအကဲဆတ်လာတဲ့ ထိုင်ဝမ်အရေး

ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီး ပြန်လည်ပေါင်းစည်းရေးဟာ ရှောင်လွှဲလို့မရဘူးလို့ တရုတ်သမ္မတ ရှီကျင်းပင်က နှစ်သစ်ကူး မိန့်ခွန်းမှာ ပြတ်ပြတ်သားသား ပြောလာပါတယ်။

ထိုင်ဝမ်ဟာ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်အတွင်း တရုတ်နိုင်ငံကနေ ခွဲထွက်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံကတော့ လူဦးရေ ၂၃ သန်းရှိတဲ့ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်ရေးအင်အားအသုံးပြုမယ်လို့ အခိုင်အမာဆိုပါတယ်။

ဇန်နဝါရီလထဲမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမတိုင်ခင်မှာ ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံရဲ့ စစ်ရေးဖိအားပေးမှုတွေလည်း မြင့်တက်လာနေပြီး ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ကတော့ တရုတ်ပြည်မကြီးနဲ့ ဆက်ဆံရေးဟာ ထိုင်ဝမ်ပြည်သူတွေရဲ့ သဘောဆန္ဒနဲ့ ဂုဏ်သိက္ခာရှိတဲ့ ငြိမ်းချမ်းရေးအပေါ် အခြေခံတယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

သမ္မတရွေးကောက်ပွဲမတိုင်ခင် ထိုင်ဝမ်ကျွန်းအနီးနဲ့ လေကြောင်းရန်ကာကွယ်ရေး စိစစ်ဇုန်ထဲကို တရုတ်တိုက်လေယာဉ်တွေ စံချိန်တင်ဝင်ရောက်ခဲ့သလို လေယာဉ်တင်သင်္ဘောတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်လှုပ်ရှားလာနေပါတယ်။

ထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ တရုတ်နိုင်ငံနဲ့ သမိုင်းကြောင်းအရ ပိုမိုနီးကပ်တဲ့ ကူမင်တန်ပါတီမှ Hou Yu-ih နဲ့ အာဏာရ ဒီမိုကရက်တစ်ပါတီမှ Lai Ching-teတို့ အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေပြီး ထိုင်ဝမ်သမ္မတရွေးကောက်ပွဲဟာ တရုတ်နဲ့ဆက်ဆံရေးအပေါ် မူဝါဒအပြောင်းအလဲနဲ့ သက်ရောက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။

ထိုင်ဝမ်ကို တရုတ်က ၂၀၂၄ ခုနှစ်မှာ တိုက်ခိုက်နိုင်ခြေရှိတယ်လို့ အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝိုင်းနဲ့ စစ်ရေးအကဲခတ်တွေက သုံးသပ်ထားကြပြီး ထိုင်ဝမ်ကို တရုတ်ကတိုက်ခိုက်လာရင် ကူညီပေးသွားမယ်လို့လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အခိုင်အမာဆိုထားပါတယ်။

ထိုင်ဝမ်အနေနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ခွင့်ရှိတယ်ဆိုကာ လက်နက်တွေ ရောင်းချပေးနေတဲ့ အမေရိကန်ရဲ့ လုပ်ရပ်အပေါ် တရုတ်နိုင်ငံကတော့ အမျက်ဒေါသထွက် ကန့်ကွက်မှုတွေနဲ့အတူ ထိုင်ဝမ်အရေးဟာလည်း ကမ္ဘာ့အင်အားကြီး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ရှောင်လွှဲမရတဲ့ ပြသနာတခုဖြစ်နေကာ ဒေသတွင်းမှာလည်း အကဲဆတ်တဲ့ အရေးတခုအဖြစ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။

#ကိုရီးယားကျွန်းဆွယ် နျူကလီးယား ပြသနာ

ကမ္ဘာ့နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေ ရင်ဆိုင်နေရတဲ့ အထီးကျန် မြောက်ကိုရီးယားနိုင်ငံကတော့ သူရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို ၂၀၂၄ ခုနှစ်အတွင်းမှာလည်း အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ ကင်ဂျုံအန်က အခိုင်အမာဆိုထားပါတယ်။

မကြာသေးမီကလည်း အမေရိကန်ထိ ရောက်အောင်ပစ်ခတ်နိုင်တဲ့ ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည်ကို ပစ်ခတ်စမ်းသပ်ခဲ့ပြီး လောင်စာခဲသုံး ဒုံးကျည်နည်းပညာတွေအပြင် ပထမဆုံးသော စစ်ထောက်လှမ်းရေး ဂြိုဟ်တုကိုလည်း လွှတ်တင်နိုင်ခဲ့ပါတယ်။

ဒီလွှတ်တင်မှုကြောင့် နှစ်နိုင်ငံအကြား ရရှိထားတဲ့ ပူးတွဲစစ်ရေးသဘောတူညီချက်ကို တောင်ကိုရီးယားက တစိတ်တပိုင်း ဆိုင်းငံ့ခဲ့ပြီး နောက်ပိုင်းမှာတော့ မြောက်ကိုရီးယားဘက်က အလုံးစုံရပ်ဆိုင်းခဲ့ပြီး နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်မှာ တပ်ဖွဲ့ဝင်တွေကို လက်နက်တွေပြန်လည်တပ်ဆင် ပေးခဲ့တဲ့ထိ တင်းမာခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေ ခြေလှမ်းသွက်သွက်လှုပ်ရှားနေချိန်မှာတော့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့အကြား လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်လိုက်တဲ့အပေါ် မြောက်ကိုရီးယားက ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။

ဒီလိုရန်စမှုတွေကို အချိန်မဆိုင်းတုံ့ပြန်မှာဖြစ်ကြောင်းနဲ့ ရန်စလာခဲ့ရင် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို အင်အားကုန်သုံးပြီး တုံ့ပြန်သွားမယ်လို့ ကင်ဂျုံအန်က နှစ်သစ်ကူးကာလမှာ သတိပေးခဲ့ပြီး ၂၀၂၄ ခုနှစ်အတွက် မြောက်ကိုရီးယားရဲ့ မဟာဗျူဟာမှာ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်က ထိပ်ဆုံးကနေ ရှိနေပါတယ်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက်က ထိပ်သီးဆွေးနွေးပွဲ နှစ်ကြိမ်ကျင်းပခဲ့မှုနဲ့အတူ ယခင်ထက် ဆက်ဆံရေးပြေလည်ခဲ့တဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ဟာ သမ္မတဂျိုးဘိုင်ဒင်လက်ထက်မှာတော့ သဘေားထားတင်းမာတဲ့ ချဉ်းကပ်မှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ ပထဝီနိုင်ငံရေးအရ အင်အားချိန်ခွင်လျှာညှိရင်း တင်းမာမှုတွေ အမြင့်ဆုံးဖြစ်ပေါ်လာခြေ မြင့်မားနေပါတယ်။

#အပြန်အလှန် အကျိုးစီးပွားနဲ့ အမေရိကန်-တရုတ် ဆက်ဆံရေး

အမေရိကန်နဲ့ တရုတ်တို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေးကတော့ စစ်အေးခေတ်နောက်ပိုင်း ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာနေပါတယ်။

ကမ္ဘာ့စီးပွားရေးနဲ့ စစ်ရေးအင်အား အကြီးဆုံး နှစ်နိုင်ငံ ဆက်ဆံရေးဟာ သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက်က နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကြောင့် တင်းမာမှုတွေမြင့်တက်ခဲ့ပြီး သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရလက်ထက်မှာတော့ နှစ်နိုင်ငံအကြား စီးပွားရေးအပြင် စစ်ဘက်ဆက်ဆံရေးပါ ယိုယွင်းခဲ့ပါတယ်။

အဓိကအားဖြင့် တရုတ်သူလျှိုဘောလုံးတွေ အမေရိကန်ပေါ်ဖြတ်ပျံမှု၊ အဆင့်မြင့် ကွန်ပြူတာချပ်စ်တွေ တရုတ်ကိုရောင်းချတာ ပိတ်ပင်မှုနဲ့ ထိုင်ဝမ်အရေးနဲ့ တောင်တရုတ်ပင်လယ်အရေးလို ကိစ္စတွေမှာ အမေရိကန်နဲ့ တရုတ်တို့အကြား ကွဲလွဲမှုတွေ ပိုထင်ရှားခဲ့ပါတယ်။

အမေရိကန်-တရုတ် ဆက်ဆံရေးဟာ ဘယ်တုန်းကမှ အဆင်ချောချောမရှိခဲ့ဖူးကြောင်း တရုတ်သမ္မတရှီကျင်းပင်က အစောပိုင်းမှာ ဝန်ခံပြောဆိုခဲ့ပေမယ့် ကမ္ဘာ့စူပါပါဝါနှစ်နိုင်ငံအကြား အပြန်အလှန် ရန်ဆောင် ကျောခိုင်းနေတာက ရွေးချယ်စရာမဟုတ်ဘူးလို့ နိုဝင်ဘာလအတွင်းက အမေရိကန်မှာ ပြုလုပ်တဲ့ ဂျိုးဘိုင်ဒင်နဲ့ ထိပ်သီးအစည်းအဝေးမှာ ပြောပါတယ်။

ဒါဟာ နှစ်နိုင်ငံအကြား ယှဉ်ပြိုင်မှုတွေမှာ တာဝန်ယူ တာဝန်ခံမှုနဲ့ မျှတဖို့ နှစ်နိုင်ငံစလုံးက နားလည်နေတဲ့ အနေအထားဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်စစ်တပ်တို့အကြား စစ်ဘက်ဆက်ဆံရေးနဲ့ ဆက်သွယ်မှုတွေကို ပြန်လည်စတင်ဖို့ သမ္မတနှစ်ဦးက ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူခဲ့ကြပါတယ်။ ဒါဟာ အမေရိကန်ဘက် ဦးစားပေးဖြစ်ချင်နေတဲ့ ဆန္ဒလည်းဖြစ်ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ထိုင်ဝမ်ကို သွားရောက်ခဲ့ပြီးနောက် တရုတ်စစ်တပ်ဟာ အမေရိကန်စစ်တပ်နဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံချိတ်ဆက်မှုတွေကို ဖြတ်တောက်ခဲ့ပါတယ်။

သမ္မတနှစ်ယောက်ဆွေးနွေးမှုမှာတော့ နှစ်နိုင်ငံအဆင့်မြင့်အဆင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးပြန်လည်ထူထောင်ဖို့အပြင် သမ္မတအချင်းချင်းတိုက်ရိုက်ဆက်သွယ်နိုင်မယ့် တယ်လီဖုန်းလိုင်းတခုကို ထူထောင်ဖို့လည်း သဘောတူခဲ့ကြပြီး ဒါဟာလည်း အထင်ကရ တိုးတက်ဖြစ်ထွန်းမှုဖြစ်ပါတယ်။

အခုလို ထိပ်သီးဆွေးနွေးပွဲပြီးနောက် နှစ်နိုင်ငံအကြား ပြသနာများရှိနေသေးပေမယ့် ပြသနာတခုကို ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းတာမျိုးလို ဆက်ဆံရေးပြေပြစ်လာမယ်လို့ ယူဆချက်တွေရှိနေပါတယ်။ တချို့သောနိုင်ငံရေးအကဲခတ်တွေကတော့ နှစ်နိုင်ငံဆက်ရေးအပေါ် အကောင်းမြင်လွန်းတဲ့ ခန့်မှန်းချက်တွေကိုပယ်ချထားပြီး ကမ္ဘာ့စစ်ရေးနဲ့ စီးပွားရေး အင်အားကြီးနှစ်နိုင်ငံရဲ့ ဆက်ဆံရေးက တခြားနိုင်ငံတွေအပေါ် သက်ရောက်လာနိုင်မှုက စိတ်ဝင်စားဖွယ်ရှိနေပါတော့တယ်။

#စစ်ပန်းနေတဲ့ ယူကရိန်းစစ်ပွဲ

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကနေ အစပြုခဲ့ ယူကရိန်းစစ်ပွဲရဲ့ သက်ရောက်မှုတွေက ကမ္ဘာ့စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ အခြားသော ကိစ္စရပ်တွေအပေါ် သိသာထင်ရှားစွာ သက်ရာက်ခဲ့ပါတယ်။

စစ်ပွဲစတင်ပြီး နှစ်နှစ်နီးပါး အချိန်မှာတော့ ရုရှားရော ယူကရိန်းပါ လက်နက်ခဲယမ်း မီးကျောက်တွေ နည်းပါးလာမှုအပြင် စစ်ပန်းလာနေကြပါတယ်။

လက်နက်တိုက်မှာ လျော့ပါးလာတဲ့ လက်နက်တွေအတွက် ရုရှားကလည်း အီရန်၊ မြောက်ကိုရီးယားတို့ရဲ့ လက်နက်အထောက်အပံ့တွေရယူနေသလို ယူကရိန်းကလည်း အနောက်အုပ်စုနိုင်ငံတွေရဲ့ လက်နက်ထောက်ပံ့မှုတွေနဲ့ ရယူနေရပြီး နှစ်ဘက်စစ်ပန်းလာမှုတွေက ရှေ့တန်းစစ်မျက်နှာမှာ ခုနောက်ပိုင်း သိသာထင်ရှားတဲ့ ဖြစ်ရပ်တွေမရှိခဲ့တာက သက်သေခံနေပါတယ်။

ကမ္ဘာမှာ စစ်အင်အားကြီး ထိပ်တန်းနိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ ရုရှားဟာလည် ယူကရိန်းစစ်ပွဲ စတင်ကတည်းက ကနဦးမျှော်လင့်ခဲ့သလောက် ဖြစ်မလာခဲ့သလို နိုင်ငံတကာရဲ့ စီးပွားရေး အရေးယူပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး စစ်အေးခေတ်နောက်ပိုင်း ကမ္ဘာ့ဇာတ်ခုံမှာ ရုရှားရဲ့ အခန်းကဏ္ဍလျော့ပါးခဲ့တာ သက်သေဖြစ်ပါတယ်။

ယူကရိန်းကတော့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ထောက်ခံမှုနဲ့ ကူညီမှုတွေကနဦးမှာ အလုံးအရင်းနဲ့ ရရှိထားပေမယ့် အဓိကမဟာမိတ် အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ကူညီထောက်ပံ့မှုလျော့ပါးလာတာကို သတိပြုမိပုံရပါတယ်။

ဒါကြောင့် ၂၀၂၄ ခုနှစ်မှာ ပြည်တွင်းဖြစ်လက်နက်တွေ သိသိသာသာ တိုးမြှင့်ထုတ်လုပ်သွားမယ်လို့ သမ္မတဇီလန်စကီးက ကတိပြုထားပြီး အခြားလက်နက်တွေအပြင် အနည်းဆုံး ဒရုန်းတသန်းထိ ထုတ်လုပ်သွားမယ်လို့ ပြောပါတယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေးက တွေ့ဆုံဆွေးနွေးမှုတွေ လမ်းဖွင့်ထားပေမယ့် ယူကရိန်းမှာ ရုရှားရဲ့ ရည်မှန်းချက်တွေပြည့်ဝမှ ရလိမ့်မယ်လို့ သမ္မတပူတင်က ပြောဆိုထားတာကြောင့် ယူကရိန်းစစ်ပွဲက ၂၀၂၄ ခုနှစ်မှာ ဆုံးသတ်နိုင်ဖွယ်မရှိသေးသလို ဘယ်လိုအခြေအနေ ဆက်ဖြစ်မယ်ဆိုတာကတော့ စောင့်ကြည့်ချင်ဖွယ်ဖြစ်ပါတော့တယ်။

Photo: AFP/Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW