လမ်းမတော်မှာ မီးကြွင်းမီးကျန်ရှင်းရာက အဘွားအိုအလောင်းတွေ့

 

 

ဇန်နဝါရီ ၅ – ၂၀၂၄

SN (VOM)

မနေ့ ဇန်နဝါရီ ၄ ရက်၊ မနက်ပိုင်းက ရန်ကုန်မြို့လယ်၊ လမ်းမတော်မှာ မီးလောင်မှုတခု ဖြစ်ပွားခဲ့ပြီး မီးကြွင်းမီးကျန်ရှင်းရာကနေ မီးလောင်သေဆုံးနေတဲ့ အဘွားအိုအလောင်းကို တွေ့ ရှိခဲ့တယ်လို့ ရွှေရောင်အနာဂတ် ပရဟိတအသင်းမှ သိရပါတယ်။

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ (၃) ရပ်ကွက်၊ လမ်းမတော် (၈) လမ်း (အောက်ဘလောက်) မှာ မနေ့ မနက် ၉ နာရီ၊ မိနစ် ၄၀ ဝန်းကျင်က နေအိမ်တိုက်ခန်းတခန်း မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“ငြှိမ်းနေရင်းနဲ့ မီးညွန့်လည်းကျလည်းကျရော အဘွားအိုတဦးက တံခါးထောင့်နားမှာ မီးကျွမ်းနေတာကို တွေ့ရှိရတယ်။ သူ့ခြေထောက်က အုတ်ပိနေတာ။ ကျွန်တော်တို့အရင်ဆုံး မီးခိုးတွေဘာတွေ ရှင်းပြီးတော့မှ မီးသတ်နဲ့ ရဲက အချက်အလက်တွေအကုန် ယူပြီးတော့မှ ကျွန်တော်တို့သယ်ရတာပါ” လို့ ရွှေရောင်အနာဂတ် ပရဟိတအသင်း တာဝန်ခံ ကိုကျော်ကျော်ဝင်းက ပြောပါတယ်။

အဲ့ဒီ့ မီးလောင်မှုဖြစ်စဉ်ဟာ ထမင်းအိုးတည်ထားရာကနေ စတင် လောင်ကျွမ်းခဲ့တာလို့ သိရပြီး ထမင်းအိုးတည်ရင်း မီးပျက်သွားတဲ့အတွက် မီးခလုတ်ပိတ်ဖို့ မေ့သွားခဲ့တာကြောင့်လို့ သိရပါတယ်။

“မီးက မနက် ၅ နာရီပျက်ပြီး မီးပြန်လာတဲ့အချိန် အခုလို ဖြစ်သွားတာလို့ သိရတယ်။ အဲ့ဒီ့အဘွားအိုကလည်း အဲ့တိုက်ခန်းမှာ တဦးတည်းပဲရှိတယ်။ ဘေးပတ်ဝန်းကျင် မေးကြည့်တာတော့ အဘွားမှာ သူ့အိမ်သားတွေတော့ ရှိတယ်လို့ ကြားပေမယ့် တခါမှ မမြင်ဖူးဘူးတဲ့။ အဲ့မှာနေတာ အဲ့အဘွားတယောက်ပဲ တွေ့တယ်လို့ ပြောကြတယ်။ နောက်ထပ် ကြားရတာတော့ အဘွားက သူ့ကြောင်လေးနှစ်ကောင်ကို သွားပြန်ကယ်ရင်း အခုလိုဖြစ်တာလို့လည်း သိရတယ်။ ကြောင်လေးတွေကတော့ အသက်ရှင်ပါတယ်။ မီးလောင်တာကလည်း အဲ့ဒီ့အခန်းတခန်းပဲ အကုန်လုံး ကုန်သွားတာ။ တခြားအခန်းတွေကို ကူးစက်လောင်ကျွမ်းတာမျိုးတော့ မရှိပါဘူး” လို့ သူက ပြောပါတယ်။

အဲ့ဒီ့အဘွားအိုဟာ အသက် ၇၀ ဝန်းကျင်အရွယ် ရှိတယ်လို့သိရပြီး လက်ရှိမှာ အလောင်းကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီ့ မီးလောင်မှုဖြစ်ပွားရာ နေရာကို ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် သုံးစီး ထွက်ခွာ မီးငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

မနက် ၁၀ နာရီဝန်းကျင်မှာ မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီ ၂ မိနစ်ဝန်းကျင်မှာတော့ မီးကြွင်းမီးကျန်အားလုံး ငြှိမ်းသတ်နိုင်ခဲ့ကာ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ စိစစ်တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ရွှေရောင်အနာဂတ်ပရဟိတအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW