Honor Apparel အထည်ချုပ်စက်ရုံ ပိတ်သိမ်းမှု နစ်နာကြေးပေးမှုအပေါ် စောင့်ကြည့်နေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေ ပြော

 

ဇန်နဝါရီ ၆ – ၂၀၂၄

SN (VOM)

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၃) မှာ ဖွင့်လှစ်ထားတဲ့ Honor Apparel အထည်ချုပ်စက်ရုံ ပိတ်သိမ်းမှုအတွက် နောက်ဆက်တွဲအခြေအနေ စောင့်ကြည့်နေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

Honor Apparel စက်ရုံအနေနဲ့ လည်ပတ်ဖို့ အော်ဒါမရှိတဲ့အတွက် လာမယ့် ဖေဖော်ဝါရီ ၁ ရက်ကစပြီး စက်ရုံပိတ်သိမ်းမယ်လို့ အလုပ်သမားတွေကို အသိပေးကြေညာစာ ထုတ်ထားပါတယ်။

စက်ရုံပိတ်သိမ်းတော့မှာဖြစ်လို့ ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိကို နို့တစ်ကာလအဖြစ် သတ်မှတ်လိုက်ပြီး နို့တစ်ကာလပြီးဆုံးရင် ဥပဒေပါ ညွှန်ကြားချက်အတိုင်း စက်ရုံ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ပေးချေမယ်လို့ သိရပါတယ်။

“သူ့ ကြေညာလွှာမှာတော့ ဥပဒေပါအတိုင်း နစ်နာကြေးကိုပေးမယ်လို့ ကြေညာထားတယ်။ အဲ့တော့ အဲ့ဒီ့အတိုင်း ပေးချေတယ်၊ မပေးချေဘူးဆိုတာက သူတို့ပေးတဲ့ကာလမှ သိရမယ်။ ခုချိန်မှာတော့ ပြောဖို့ ခက်သေးတယ်ပေါ့။ ဒီမှာ ပိတ်တယ်ဆိုတဲ့ စက်ရုံတွေက သိပ်မကြာခင် ပြန်ဖွင့်တာ။ အကြောင်းတစုံတရာကြောင့် ဒီနာမည်နဲ့ မဖွင့်ချင်ဘူး၊ တခြားနာမည်နဲ့ ပြောင်းဖွင့်တယ်၊ ပိုင်ရှင်ပြောင်းဖွင့်တယ်။ ပိုင်ရှင်ဆိုတာကလည်း သူတို့အဖွဲ့ထဲကပဲပေါ့။ အဲ့တော့ ဒီစက်ရုံကရော ဘယ်လိုပုံစံမျိုးနဲ့ ရှေ့ဆက်ပြီးတော့ သွားမလဲဆိုတာက ကျွန်မတို့ကတော့ စောင့်ကြည့်နေတယ်။ သိရင် သိတဲ့အတိုင်းပဲ မခြွင်းမချန် တင်ပြမှာပါ” လို့ အလုပ်သမားအရေး ဆောင်ရွက်သူတယောက်က ပြောပါတယ်။

အဲဒီစက်ရုံဟာ အလုပ်သမား ၁၀၀၀ နီးပါးနဲ့ လည်ပတ်နေတာဖြစ်ပြီး တရုတ်နိုင်ငံသား ပိုင်ဆိုင်တဲ့စက်ရုံ ဖြစ်ကာ အလုပ်သမားအခွင့်ရေး ချိုးဖောက်မှုအများဆုံး စက်ရုံဖြစ်တယ်လို့ သိရပါတယ်။

“စက်ရုံက ရှေ့ပိုင်းမှာတော့ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေ အများကြီးပဲ ရှိခဲ့တယ်ပေါ့။ အော်ဒါကလည်း ပိုလန် brand ကို ချုပ်နေတာတွေ့တယ်။ ဒါပေမယ့် ဘာမှန်းမသိဘဲနဲ့ အခုလိုမျိုး ပိတ်ချပစ်လိုက်တာဆိုတော့ အရှေ့ပိုင်းတုန်းကလည်း အဲ့လိုမျိုးလုပ်တာ ရှိဖူးတော့ အခုက ခဏပဲပိတ်တာလား၊ ဘယ်လိုမျိုးလဲဆိုတာကတော့ ကျွန်မတို့ကတော့ ဆက်လက် စောင့်ကြည့်ရမှာပေါ့။ ဒီအခြေအနေကတော့ ကာယကံရှင်တွေပြောတာကိုပဲ မြင်ရတွေ့ရတာဆိုတော့ နောက်ကွယ်က ကိစ္စတွေကတော့ သူတို့ရဲ့လုပ်ရပ်တွေ ကြည့်ပြီးတော့မှ ဆုံးဖြတ်လို့ရမယ်” လို့ အလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။

Honor Apparel အထည်ချုပ်စက်ရုံ အနေနဲ့ အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) နဲ့ ဆွေးနွေးမှုအပြီး အခုလို စက်ရုံပိတ်သိမ်းဖို့ ကြေညာချက် ထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

“သူတို့က ဘာမှ ကြိုတင်အသိပေးတာမျိုး မရှိဘဲနဲ့ နို့တစ်စာကပ်လိုက်မှသာ ပိတ်တော့မယ်ဆိုတာ သိရတာ။ အခုနောက်ပိုင်းမှာက စက်ရုံတွေက အဲ့လိုမျိုး ရုတ်တရက်ကြီး ပိတ်လိုက်၊ ပြန်ဖွင့်လိုက်နဲ့ဆိုတာက အလုပ်သမားတွေအတွက် ဘယ်လိုမှ အဆင်မပြေဘူး။ လုပ်သက်လေး နည်းနည်းရလာလို့ လစာလေးတိုးမယ်ကြံကာရှိသေး၊ စက်ရုံတွေက ပိတ်သွားပြန်ပြီ။ အလုပ်သမားတွေက အလုပ်ကို အစကနေ ပြန်ပြန်လျှောက်နေရသလို ဖြစ်နေတော့ လစာကလည်း အစကို ပြန်ပြန် ရောက်နေတယ်။ ကိုယ်တွေအတွက် အခွင့်အရေးဆိုတာ မရှိဘူးဖြစ်နေတယ်။ ဒီစက်ရုံကတော့ နို့တစ်ကာလပြီးရင် ဥပဒေပါ ညွှန်ကြားချက်အတိုင်း ရပိုင်ခွင့်တွေပေးမယ်လို့တော့ ကြေညာထားတာပဲ။ နစ်နာကြေးတော့ အပြည့်အဝရချင်တယ်။ ဒါပေမယ့် အခြေအ‌နေက ဘယ်လိုလာဦးမလဲ မသိဘူး” လို့ အဲ့ဒီ့စက်ရုံက အလုပ် သမားတယောက်က ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင် Honor Apparel အထည်ချုပ်စက်ရုံဟာ နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ Sinsay, PIOMBO, RESERVEO, SOCUTE, OVS, KIGS, ONLY အစရှိတဲ့ အမှတ်တံဆိပ်အထည်တွေကို ချုပ်လုပ်နေရတဲ့ စက်ရုံဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဩဂုတ်လမှာ စတင်ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေစပြီး စက်ရုံပိတ်သိမ်းတော့မယ့်အကြောင်း နို့တစ်စာကပ်ပြီး အလုပ်သမားတွကို အသိပေး ကြေညာထားတဲ့အတွက် Honor Apparel အထည်ချုပ်စက်ရုံဟာ ၂၀၂၄ ခုနှစ်အတွက် ပထမဆုံး ပိတ်သိမ်းတဲ့ စက်ရုံ ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အထည်ချုပ်လုပ်ငန်း အပါအဝင် လက်ခစားစနစ်နဲ့ ချုပ်လုပ်တဲ့ CMP စက်ရုံ ခုနစ်ရုံခန့် ပိတ်သိမ်းခဲ့ပြီး ယာယီရပ်နားတဲ့ စက်ရုံတွေလည်းရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေဆီက သိရပါတယ်။

စက်ရုံတွေ ပိတ်သိမ်းရတဲ့ အကြောင်းအရင်းတွေကတော့ အမှာစာ (အော်ဒါ) ရရှိမှု နည်းပါးခြင်း၊ လျှပ်စစ်မီး မရရှိခြင်း၊ စက်သုံးဆီ ပြတ်လပ်မှု၊ ကုန်ကြမ်းရရှိမှု ခက်ခဲခြင်းနဲ့ အလုပ်သမားပြဿနာ အစရှိတာတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ပစ္စည်းတွေက နယ်စပ်ဒေသတွေက ဝင်ရောက်တာဖြစ်လို့ လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် စက်ရုံသုံးပစ္စည်းတွေ ပြတ်လတ်ပြီး ယာယီပိတ်ထားတဲ့ စက်ရုံတွေလည်းရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အထည်ချုပ်ကဏ္ဍအတွင်း တရုတ်နိုင်ငံနဲ့ ဟောင်ကောင်က ၆၁ ရာခိုင်းနှုန်နဲ့ အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ပြည်တွင်းကတော့ ၁၅ ရာခိုင်နှုန်း နဲ့ ဒုတိယနေရာမှာ ရှိနေတယ်လို့ အထည်ချုပ်အသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း အထည်ချုပ်လုပ်ငန်းရှင် အသင်းဝင် စက်ရုံ ၈၁၇ ခုရှိပြီး အဲ့ဒီ့အထဲက ၅၄၆ ရုံက လည်ပတ်နေပေမယ့် ကျန် ၂၇၁ ရုံက လည်ပတ်မှု ရပ်ဆိုင်းထားတယ်လို့ ဖော်ပြထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW