ရူးရုံမက မိုက်လည်း မိုက်ပါမှ

 

 

ဆူးငှက်

 

 

၁၉၉၀ ကျော်ကာလ။ ကျွန်တော့် စာအုပ်အငှားဆိုင်လေးက ခပ်ကျဲကျဲ ဖြစ်သော်လည်း ညတိုင်လျှင် စာရေးဆရာမိတ်ဆွေတွေ ညတိုင်းလိုလို ဆုံဖြစ်ကြသည်။ ၁၉၈၈ ပြီးမှ ခင်မင်ခဲ့သော ပန်းချီစိုးဝင်းငြိမ်းရောက်လာသည်။ ဆိုင်မှာ စဖွင့်ကတည်းက အားပေးခဲ့သော ပန်းချီကိုခင်မောင်စန်းတို့ ဇနီးမောင်နှံနှင့် ပတ်သက်သည့် စာပေဗိမာန်စာမူဆုရှင် ကိုရိုးကွန့်ကမုတ်ဆိတ်မွေး ပါးသိုင်းမွေး နှုတ်ခမ်းမွေးတွေနှင့် ရောက်လာသည်။ လူထုတိုက်က ကိုကျော်စိုးဝင်း (ဆရာကြည်လင်အေး) ရောက်လာသည်။ ဆရာညိုထွန်းလူရောက်လာသည်။ ဆရာ ချမ်းမင်းအိမ်က ပြိုင်ဘီးလေးစီးကာ ရှိုးစမိုးတွေ အပြည့်နှင့်ရောက်လာသည်။ တစ်ခါတရံ ဆရာဝင်းစည်သူလည်း သူ့ကားလေးနှင့် ရောက်လာသည်။ မြို့သစ်မှာ ဆေးခန်းဖွင့်နေသည့် ဆရာကျော်စွာထက်လည်း တစ်ခါတရံရောက်လာသည်။ ပန်တျာကျောင်းဝင်း ထဲမှာနေသည့် ဆရာပိုင်စိုးဝေလည်း ရောက်လာသည်။ညနေပိုင်း စောစောမှာတော့ ဆရာမညိုညိုတင်လှ၊ ဆရာမ နှင်းဆီအောင်တို့ ရောက်လာသည်။ မနက်ပိုင်းမှာ ဆရာသိုက်ထွန်းသက်လည်း လူထုတိုက် မသွားခင် ဝင်လာတတ်၏။

 

၁၉၉၀ ဝန်းကျင်ကာလ တစ်ညခင်းက ဖြစ်လိမ့်မည်။ ဟေမာဇလရပ်ရှိ ကျွန်တော့် စာအုပ်ဆိုင်သို့ စာရေးဆရာ ကိုရိုးကွန့်  နှင့်အတူ ကျွန်တော်တို့ မသိသော“ပုဂ္ဂိုလ်”တစ်ယောက် ပါလာ၏။ အရောင်နုနုအကျီလက်တို၊  အကွက်စိပ် ပလေကပ်လုံချည်နှင့် သပ်သပ်ရပ်ရပ် ကြော့ကြော့မော့မော့။ ဆံပင်တိုတို ပိပိရိရိဖီးထားပြီး ထောင်ထောင်မောင်းမောင်း အသားဖြူဖြူရုပ်ရည်ကလည်းခံ့ခံ့ချောချော။ အမူအရာကရှူတည်တည်။ စတွေ့ကတည်းက ထူးခြားသည်မှာ ညာဘက် လက်က မေးဖျားအားကိုင်၍ လက်ညှိုးလေးက စေ့ထားသော နှုတ်ခမ်းပေါ်ကန့်လန့်ဖြတ် ထောင်ပြီး လက်ညှိုး ထိပ်ဖျားလေးက လှုပ်ရှားနေသည်။

 

ကိုရိုးကွန့်ကတော့ ထုံးစံအတိုင်း စာအုပ်စားပွဲနှင့်ယှဉ်ကာ ချထားသော ရသေ့ကျောင်း ခုံရှည်ကြီးပေါ် စုပြုံထိုင်နေကြသော ကျွန်တော် တို့ကို “စားပြီးကြပြီလား၊ ဘယ်သူ မလာဘူးလား၊ ဘယ်ဝါ မလာဘူးလား၊ သည်နေ့ ဘာမဂ္ဂဇင်း အသစ် ထွက်လဲ”ဟူသော စကားလောက်သာ ပြောပြီး ကျွန်တော်တို့ဘေးလွတ်နေသော ခုံကလေး တစ်လုံးပေါ် ထိုင်ရင်း မဂ္ဂဇင်း တစ်အုပ်ကို လှန်လှောဖတ်နေသည်။ စောစောက သူနှင့်ပါလာသော ထောင်ထောင် မောင်းမောင်း ပုဂ္ဂိုလ်က စာအုပ်ဆိုင် လေးထဲ လူအများကြားတိုးပြီး စာအုပ်တွေကိုတစ်အုပ်ပြီး တစ်အုပ်စိမ်ပြေနပြေ ကြည့်နေသည်။ အခုချိန်ထိ “သူ့ကို ဘယ်သူ ဘယ်ဝါမှန်း မသိ။စာအုပ်တစ်အုပ် ဆွဲယူ လိုက်လှန်ကြည့်လိုက်၊ ပြန်ထားလိုက်၊  လက်ညှိုးလေးကို နှုတ်ခမ်းပေါ် တင်ကာ စဉ်စားလိုက်၊ တစ်အုပ်ဆွဲကြည့်လိုက်၊ ပြန်ထားလိုက်၊ လက်ညှိုးကို နှုတ်ခမ်းပေါ်။ နောက်တစ်အုပ်။ လက်ညှိုးလေး နှုတ်ခမ်း။

 

 

ဤသို့ဖြင့် နာရီဝက်ကျော် နာရီသုံးမတ်လောက်ကြာမှ စာအုပ်တစ်အုပ်ကို ဆွဲယူအကြည့်တွင် ကိုရိုးကွန့်က ထိုင်နေရာမှ သူ့ဆီ လှမ်းကြည့်ပြီး“မောင်ဝင်းနိုင်ပြီးပြီလားကွ၊  ပြန်ကြရအောင်”ဟု လှမ်းအပြောတွင်မှ ထိုပုဂ္ဂိုလ်က ထုတ်ကြည့်လက်စစာအုပ်ကိုယူလာပြီး ဆိုင်ထဲမှ ထွက်လာ၏။ ကိုရိုးကွန့်က ဖတ်လက်စ မဂ္ဂဇင်း စာအုပ်ကို စားပွဲပေါ်မှာတင်ပြီး စောစောကပုဂ္ဂိုလ်ကို “မောင်ဝင်းနိုင်၊ မင်းယူထားတဲ့ စာအုပ် စာရင်းမှတ်ခိုင်းလိုက်ဦး”ဟု အပြော “သြော်….သြော်….”ဟု အသံပြုကာ စာအုပ်ကို ကျွန်တော့် ဆီလှမ်းပေးတော့ “ကိုရိုးရယ် စာရင်းမှတ်စရာမလိုပါဘူး။ ယူသွားပါဗျာ။ ခင်ဗျားလည်း မဂ္ဂဇင်း တွေ ဖတ်ချင်တာရှိရင် ယူသွားလေ”ဟု ပြောဖြစ်သည်။ ကိုရိုးကွန့်က “မယူတော့ဘူး။ မနက်ကမှ “ဒေါက်ကြီး”ဆီက ရုပ်ရှင်အောင်လံ ယူထားသေးတယ်” ဟု ပြောသည်။

 

ကျွန်တော့်ဘေး ထိုင်နေသော ကိုပိုင်စိုးဝေက “ဟိုး…ဟိုး …ကိုရိုး။ ဒေါက်…ဒေါက်ကြီးက ကျွန်တော့်…ဘာ … ဘာပြောသေးလဲ၊သူ့ဆီမ… မရောက်တာ တစ်ပတ်လောက်ရှိသွားပြီးဗျ”ဟုလှမ်းပြောသည်။ ကိုရိုးကွန့်က “ဒေါက်ကြီးက ခင်ဗျားကို ဒေါသဖြစ်နေတယ်”ဟု ရယ်ကျဲကျဲ ဖြေ၏။ “ဒေါက်ကြီး” ဆိုသည်မှာ စာရေးဆရာကြည်ဇော်ဝင်း(ခေါ်) ဒေါက်တာနည်ဝင်း ကို ပြောကြခြင်းဖြစ်သည်။ ကျွန်တော်တို့၊  ကိုချမ်းမင်းအိမ်တို့၊  ကိုကျော်စိုးဝင်း (ကြည်လင်အေး)တို့၊ ကိုစိုးဝင်းငြိမ်းတို့က “ကိုပိုင် ကြီးတော့ဒေါက်ကြီးက သတ်တော့မှာ”ဟု ဝိုင်းစကြသည်။ ထိုအချိန်က ကိုကြည်ဇော်ဝင်းမှာ ဟိုး တောင်မြို့(အမရပူရ) တောင်ဘက် က ရွာလေးတစ်ရွာမှာ ဆေးခန်းဖွင့်၏။ ကိုပိုင်စိုးဝေက ဆေးခန်းဖွင့်ချိန် ညနေတိုင်း ကိုကြည်ဇော်ဝင်းနှင့် အဖော်လိုက် သွားနေကျဖြစ်သည်။

 

 

ကိုရိုးကွန့်က “ကဲ ကဲ မိုးချုပ်နေပြီ ပြန်တော့မယ်” ဟုပြောကာ ခြေလှမ်း ပြင်သည်။ ကိုကျော်စိုးဝင်း က “ကိုရိုး နေပါဦးဗျ။ စောပါသေးတယ်၊ မိန်းမ မရှိ ဘာမရှိနဲ့ဗျာ” ဟု လှမ်းပြောတော့ “ဟိုလေ သူက အိမ်မှာ မိန်းမနဲ့ကလေး ထားခဲ့ရတာ အပြန်ကျ ကလေးသိပ်ရဦးမှာ” ဟု အတူပါလာသူ ထောင်ထောင် မောင်းမောင်း ပုဂ္ဂိုလ်အား ညွှန်းရင်း ပြောသည်။ ထိုပုဂ္ဂိုလ်ကတော့ မရယ်မပြုံးခပ်တည်တည်။ ကိုရိုးကွန့်က ပြန်ဖို့ခြေလှမ်း ပြင်ပြီးမှ “သြော် ခင်ဗျားတို့နဲ့ မိတ်ဆက် ပေးရဦးမယ်။ဒါက ကျွန်တော့်ညီလေ။ကာတွန်းအော်ပီကျယ်”တဲ့။

 

သည်တော့မှ ကျွန်တော်တို့အားလုံး အံ့အားတသင့် ဖြစ်သွားကြတော့၏။ အော်ပီကျယ်ဆိုသည်မှာ နာမည်ကျော် ကာတွန်းဆရာ၊ပြည်တစ်ဖက်ကမ်း ဆင်တဲ မော်တော်ကားစက်ရုံက ပြန်ခဲ့သူ၊ အင်ဂျင်နီယာ။ ကိုရိုးကွန့်နှင့် ကိုအော်ပီကျယ် သူတို့ ညီအစ်ကိုဘယ်ပြန်လို့ ဖြစ်ပါတော့မလဲ။ ကိုရိုးကွန့်နှယ် စောစော ဝင်လာ ကတည်းက  အော်ပီကျယ်လို့ ပြောပါရောလား။ ကျွန်တော်တို့အားလုံး  ဇွတ်ရော အတင်းရော ညီအစ်ကို နှစ်ယောက်လုံး အား ညဉ့်နက်ပိုင်း ထိုင်နေကျ ၇၅-လမ်းပေါ် စောင်း ဦးမြင့်မောင်အိမ်နှင့် မျက်နှာချင်းဆိုင်က အဆိုတော်ဥမ္မာတို့ လက်ဖက်ရည် ဆိုင်လေးဆီ ဆွဲခေါ်ခဲ့ကြတော့၏။

 

 

ကာတွန်းဆရာ အော်ပီကျယ်ကို သတိထားမိသည်က ၁၉၈၀ကျော်ဝန်းကျင်း ကာလများက ဖြစ်သည်။ သူ့မှာ အများနှင့် မတူသည့် ထူးခြားသော အတွေးအခေါ်များ ရှိသည်။ သူ့မှာအများနှင့် မတူသော ပုံသဏ္ဌာန်လည်း ရှိသည်။သူ့ကို တစ်ခါ တွေ့ဖူးသည်နှင့် တစ်သက်စာမျှ မှတ်မိသွားတော့သည်။  လူ့ဘဝ၏  ကြုံဖွယ် ကိစ်္စတိုင်းတွင် တိုက်ဆိုင်မှု ရှိသည့်အခါ သူ့ အတွေးတွေကိုပဲသတိရသည်။ ဥပမာ ဆိုပါတော့ ကိုယ်နှင့်မဆိုင်သည့် အလုပ်တစ်ခုအပေါ် မလိုအပ်ဘဲ ဝါယမ စိုက်ထုတ် ရတိုင်း သူ၏ ကြွက်ခုတ်သော နွားသိုးကြီးနှင့် တံတားဖွင့်ပွဲသွားမည့် တိရစ်္ဆာန်ဆရာဝန်ကို သတိရသည်။ သည်တစ်ခါတော့ အခြေအနေ ပြောင်းလဲသက်သာရာ ရကောင်းပါရဲ့ ဟု အမှတ်မရှိ မျှော်လင့်မိလေတိုင်း ဒုက်္ခသုက်္ခ အကြပ်အတည်း ဧရာမအထုပ် အပိုးကြီးပေါ်မှ ထပ်တင်ထားခံရသည့် မဖြစ်စလောက် အထုပ်သေးလေး တစ်ထုပ် ချပေးလိုက်သော သက်သာရာရမှု အတွေး နက်နက်ကို ယနေ့ထက်ထိ သတိရဆဲဖြစ်သည်။ ဘဝတစ်ခုလုံး နှင့် သက်ဆိုင်သော ပြသနာများ အပေါ် ထိထိမိမိ သရော်တတ်သည့် သူ့အတွေးတွေကနှစ်ကောင်ရိုက်ပြီး ကင်းဝင်၊ သုံးကောင်ရိုက်ပြီး ကင်းဝင်ရသလို ထိထိမိမိ အရသာရှိလှ၏။

 

 

နောက်ပိုင်း ကိုအော်ပီကျယ်နှင့်ဆုံ၍ စကားဝိုင်းဖွဲ့ ကြတိုင်း ကိုပိုင်စိုးဝေက “ခင်ဗျားကို စတွေ့တဲ့နေ့ က ဘယ်သူ ဘယ်ဝါမှန်းမသိကြတော့ ခင်ဗျားပုံစံကိုကြည့်ပြီး စစ်ဗိုလ်ကြီး ထင်နေကြတာဗျ”ဟု အမြဲ နောက်ပြောင်သည်။ စတွေ့ချိန်က“အော်ပီကျယ်”နှင့် မလိုက်အောင် တည်တံ့ဣေြန်္ဒရ လွန်းလှ၏။ သူဆီက သည်လိုကာတွန်းတွေ ထွက်လာပုံက အံ့အားသင့်စရာဟုထင်ရ၏။ တကယ် ပေါင်းကြည့်တော့ သူ့မှာအချိန်ပြည့် ကာတွန်းအတွေး ရှိသည်။ ပြောတော့လည်း ကာတွန်းအပြော၊ သူ့အတွေးသူ့အပြောကလည်း သူ့ကာတွန်းတွေလို တွေး၊ သူ့ ကာတွန်းတွေလို ပြောသည့် အပြောဖြစ်၏။ မနက်လင်းသည်နှင့် သူ့သမီးအကြီး“ယမုံဖူး”ကို စက်ဘီးရှေ့ ခုံလေးပေါ် တင်ပြီး ကျွန်တော့် အိမ်သို့် ရောက်လာသည်။

 

“လက်ဖက်ရည်သောက် သွားကြစို့”ဟု အမြဲခေါ်၏။ လက်ဖက်ရည်ဆိုင်မှာ တမေ့တမော ထိုင်ပြီး စကားတွေ ပြောဖြစ်သည်။ ကျွန်တော့် မိသားစုနှင့် ဆွေမျိုးလို ရင်းနှီးနေသည်။ လက်ဖက်ရည်ဆိုင်က ပြန်လာပြီး ကျွန်တော်က စက်ဘီးလေးဆွဲထုတ်ကာ သူနှင့်လိုက်သွားပြန်သည်။ မြို့ထဲသွား လျှင်သွား၊ ဒါမှမဟုတ် သူအိမ်ရှေ့ ကွပ်ပျစ်ကြီးပေါ် “ဝေါလ်ဒစ္စနေး”စာအုပ်ထူကြီးတွေ ကြည့်ချင်ကြည့်။  ဒါမှမဟုတ် ဗီဒီယိုရုံလေးတွေဆီ ခြေဦးလှည့်ကြသည်။

 

တစ်ခါကတော့ သူနှင့်မြို့ထဲအသွား ၃၄-လမ်းက ကျူရှင်စာသင်ခန်း တစ်ခန်း အတွင်းမှာ”ကျူရှင် ဆရာ” တစ်ယောက်နှင့် တွေ့သည်။ စာသင်းခန်းမှ ပင်တိုင်ဆရာက ထို“ကျူရှင်ဆရာ”ကို ကျွန်တော်တို့ နှင့် မိတ်ဆက်ပေး၏။ “ဒါ အော်ပီကျယ်၊ ဒါဆူးငှက်ပေါ့။ ထိုဆရာ ပြန်ပြောသည်က “ကျွန်တော်လည်း ငယ်ငယ်က စာရူးပေရူးပေါ့ဗျာ။ ဆက်သာ ရူးဦးမယ်ဆိုရင် ခုနေကျွန်တော်လည်း ခင်ဗျားတို့လို ကာတွန်းဆရာ၊ စာရေးဆရာဖြစ်ပြီပေါ့”တဲ့။ ထိုအခါ အော်ပီကျယ် ပြန်ပြောလိုက်တာက“ဟုတ်လားဗျ။ ခင်ဗျားက ရူးရုံ ရူးခဲ့တာကိုး။ မိုက်မှ မမိုက်ဘဲ။ ကျွန်တော်တို့က ရူးတဲ့အဆင့် မဟုတ်ဘူး။ မိုက်တဲ့အဆင့်၊တော်ရုံ တန်ရုံ မိုက်ရုံနဲ့ ကာတွန်းဆရာ၊ စာရေးဆရာ  မဖြစ်ဘူး။ ကိုင်း…ခင်ဗျား ဘယ်လောက် မိုက်သလဲ ပြော။ မိုက်တဲ့ နေရာမှာ ကျွန်တော်တို့ လာမယှဉ်နဲ့ ”ဟု ပြောတော့ ထိုဆရာလည်း  လေသံပြောင်း သွားတော့၏။

အဲ့လို အော်ပီကျယ်ပါပေ။

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက် #အော်ပီကျယ် #ရူးရုံမကမိုက်လည်းမိုက်ပါမှ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW