ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာအပါအဝင် ကမ္ဘာတဝန်းမှာ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးမှု အမြင့်ဆုံးဖြစ်နေ

 

လန်ဒန်၊ ဇန်နဝါရီ-၉-၂၀၂၄

မျိုးဆက်(VOM)

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် အရပ်သားတွေ ထိခိုက်မှုနဲ့ သေဆုံးမှုဟာ ဆယ်စုနှစ်တခုအတွင်း အမြင့်ဆုံးဖြစ်ကြောင်း သုတေသန အစီရင်ခံစာသစ်တခုမှာ ဖော်ပြထားပါတယ်။

ဗြိတိန်အခြေစိုက် လက်နက်ကိုင်အကြမ်းဖက်မှုစောင့်ကြည့်ရေးအဖွဲ့ (AOAV) ရဲ့ အစီရင်ခံစာမှာတော့ ၂၀၂၃ ခုနှစ်အတွင်း ဖောက်ခွဲရေးပစ္စည်းတွေကြောင့် အရပ်သားသေဆုံးမှုဟာ ၁၂၂ ရာခိုင်နှုန်းထိ တိုးလာတယ်လို့ ဆိုပါတယ်။

ဒီလိုမြင့်တက်လာတဲ့ အကြောင်းရင်းတွေထဲမှာ ဂါဇာမှာဖြစ်ပွားနေတဲ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲအပြင် ယူကရိန်း၊ ဆူဒန်၊ မြန်မာနဲ့ ဆိုမာလီယာတို့မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့်လည်း ပါဝင်ပါတယ်။

လက်နက်ကိုင်အကြမ်းဖက်မှုစောင့်ကြည့်ရေးအဖွဲ့ (AOAV)ဟာ ကမ္ဘာတဝန်းမှာ ၂၀၂၃ ခုနှစ်အတွင်း ပေါက်ကွဲမှုတွေနဲ့ပတ်သက်တဲ့ ဖြစ်ရပ်ပေါင်း ၇၃၀၇ ခုထက်မနည်းကို ဖော်ထုတ်နိုင်ခဲ့ပြီး ဒါဟာပြီးခဲ့တဲ့နှစ်က ၄၃၂၂ ဖြစ်ပွားခဲ့တာထက် ပိုမိုများပြားနေပါတယ်။

အဲလိုပေါက်ကွဲမှုတွေကြောင့် အရပ်သား ၁၅၃၀၅ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး သောင်းနဲ့ချီဒဏ်ရာရရှိခဲ့ကာ ၂၀၂၂ ခုနှစ်ထက် ၁၂၂ ရာခိုင်နှုန်းမြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဂါဇာစစ်ပွဲဟာ အရပ်သားသေဆုံးမှု သိသိသာသာ တိုးလာရတဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ သေဆုံးမှုရဲ့ သုံးပုံတပုံထိရှိနေပါတယ်။

Ref:BBC

Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW