ဇန်နဝါရီ ၁၅ – ၂၀၂၄
SN (VOM)
ပြည်ပကနေ မြန်မာနိုင်ငံကို ဟွန်ဒီစနစ်နဲ့ ငွေပေးပို့ခြင်း၊ ပြည်တွင်းမှာ ငွေကြေးကို ဟွန်ဒီနဲ့ ထုတ်ပေးခြင်း ပြုလုပ်နေတဲ့ တရားမဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူတွေကို ဖော်ထုတ် အရေးယူနေတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေး ကြေညာထားပါတယ်။
ငွေကြေးစီးဆင်းမှု အားလုံးကို ထိန်းချုပ်စောင့်ကြည့်နေတဲ့ နစကရဲ့ ငွေလွှဲစနစ်တွေကနေ ကင်းလွတ်အောင် ဟွန်ဒီငွေလွှဲစနစ်ကို မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် ပြန်ပြီးတော့ အသုံးပြုလာကြတဲ့အတွက် ဒါတွေကို ဖော်ထုတ် အရေးယူနေတယ်လို့ ဗဟိုဘဏ်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
တရားမဝင် ဟွန်ဒီလုပ်ငန်း ဆောင်ရွက်နေမှုတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး စုံစမ်းစစ်ဆေးဖော်ထုတ်ကာ သက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ တရားစွဲဆို အရေးယူဝာာတွေ ပြုလုပ်နေတယ်လို့ ဗဟိုဘဏ်က ဇန်နဝါရီ ၁၂ ရက်နေ့ ရက်စွဲနဲ့ အသိပေး ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
အဲ့ဒီ့လို အရေးယူမှုတွေ ပြုလုပ်လျက်ရှိတာမှာ ကျော်စောသတင်းထွက်နေတဲ့ သံသယဖြစ်ဖွယ် ငွေလွှဲ/ငွေလဲလှယ်တဲ့လုပ်ငန်း လုပ်ကိုင်သူ ၉၉ ယောက်ကို စစ်ဆေးခဲ့ပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူပုဂ္ဂိုလ် အယောက် ၂၀ ကို အမှုဖွင့် အရေးယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။
အမှုဖွင့် အရေးယူခံရသူတွေထဲမှာ တရားဝင်လုပ်ငန်းလိုင်စင် ရယူထားခြင်းမရှိဘဲ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ မလေးရှားနိုင်ငံတို့က မြန်မာအလုပ်သမား လစာငွေတွေကို တရားမဝင် လွှဲပြောင်းထုတ်ပေးသူ ကိုးယောက်၊ ကုန်ပစ္စည်းဝယ်ယူခြင်းတွေအတွက် တရားမဝင် ငွေလွှဲပြောင်းပေးချေပေးသူ သုံးယောက်နဲ့ နိုင်ငံခြားငွေမှ မြန်မာကျပ်ငွေကို လဲလှယ်ပြီး ပြည်တွင်းမှာ ငွေလွှဲပြောင်းထုတ်ပေးသူ ရှစ်ယောက်တို့ ပါဝင်နေပြီး သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေချမှတ်ကာ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် တရားမဝင် ငွေလွှဲ/ ငွေလဲလှယ်တဲ့လုပ်ငန်း လုပ်ကိုင်သူ အယောက် ၂၀ ကိုလည်း သက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေမှာ တရားစွဲဆို တင်ပို့ထားကာ ဆက်လက်အရေးယူ ဆောင်ရွက်နေပြီး ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့အတွက် သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
“နစကအနေနဲ့ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေရဲ့ ငွေတွေကို သူတို့ဆီ မဖြစ် ဖြစ်တဲ့နည်းနဲ့ စီးဝင်လာအောင် ဘက်ပေါင်းစုံကနေ ကြိုးစားနေတဲ့သဘောပေါ့။ ဒါပေမယ့် တရားဝင် ငွေလွှဲစေချင်ရင် လွှဲလို့ရအောင် ဘာတွေလုပ်ပေးလဲ၊ အာမခံချက် ဘာရှိလဲ၊ ဘယ်လိုကူညီလဲ၊ လွှဲရတာရောအဆင်ပြေရဲ့လား စတဲ့ အခြေခံလိုအပ်ချက်တွေကို အရင် လုပ်ပေးတာက ပိုနည်းလမ်းကျမှာပါ။ ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ တရားမဝင် လမ်းကြောင်းကနေ ရောက်လာသူတွေအတွက်ကတော့ တရားဝင်ငွေလွှဲစနစ်ထက် ဟွန်ဒီငွေလွှဲစနစ်ကိုပဲ သုံးနေကြတာဆိုတော့ ဒီလူတွေအတွက်ကတော့ အခက်အခဲရှိနိုင်တယ်။ နောက်တချက်က ပြည်ပမှာ အလုပ်သွားလုပ်နေတဲ့သူတွေက ဘဏ်ပိတ်ရက်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေလို ရက်တွေမှာမှ ငွေလွှဲလေ့ရှိတာ ဆိုတော့ ဘဏ်တွေထက် ဟွန်ဒီ ငွေလွှဲလုပ်ငန်းတွေကနေ ငွေလွှဲတာက ပိုများတယ်။ သူက ဝန်ဆောင်ခလည်း သက်သာတယ်။ အိမ်အရောက်လည်း ပို့ပေးတာဆိုတော့ ဟွန်ဒီစနစ်ကိုပဲ သုံးကြတာများတယ်။ Wave Money တို့ KBZ Pay တို့ ဆိုရင်လည်း မသုံးချင်ကြတာများတယ်” လို့ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူတယောက်က ပြောပါတယ်။
လက်ရှိမှာ မိုဘိုင်းငွေကြေး ပေးချေမှုအခင်းအကျင်းကို Wave Money နဲ့ KBZ Pay တို့က လွှမ်းမိုးထားပြီး Wave Money ကို ရိုးမအုပ်စုက ပိုင်ဆိုင်ကာ KBZ Pay ကို ပြည်တွင်း ထိပ်သီး ဘဏ်လုပ်ငန်းတခုဖြစ်တဲ့ ကမ္ဘောဇဘဏ်က ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ နစက က မိုဘိုင်းငွေပေးချေမှု အသုံးပြုသူတွေရဲ့ အထောက်အထားတွေကို စစ်ဆေးဖို့နဲ့ မှတ်တမ်းထားရှိဖို့ သက်ဆိုင်ရာကုမ္ပဏီတွေကို ညွှန်ကြားခဲ့ပြီး အခုအခါ ဝန်ဆောင်မှုရယူသူတိုင်း မှတ်ပုံတင် ပြသဖို့ လိုအပ်တာ ဖြစ်ပါတယ်။
အဲ့ဒီ့လို ဘဏ်စနစ်တွေနဲ့ ချိတ်ဆက်ထားတဲ့ အွန်လိုင်းငွေလွှဲတွေအပါအဝင် ပြည်ပငွေလွှဲစနစ်တွေ အားလုံးကို နစက က ကန့်သတ်မှုတွေ၊ စည်းမျဉ်းတွေ တိုးမြှင့်ပြီးနောက်ပိုင်းမှာ ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ တရားမဝင် လမ်းကြောင်းကနေ ရောက်ရှိလာသူတွေဟာ တရားဝင်ငွေလွှဲစနစ်ထက် ဟွန်ဒီငွေလွှဲစနစ်ကိုပဲ အသုံးပြုနေကြတာဖြစ်တယ်လို့ သိရပါတယ်။
ဟွန်ဒီငွေလွှဲစနစ်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းက ပြည်ပရောက် မြန်မာတွေ အသုံးများတဲ့ နည်းလမ်းဖြစ်ပြီး အဲ့ဒီ့ ဝန်ဆောင်မှုစနစ်ဟာ ပြည်တွင်းမှာ မိုဘိုင်းငွေပေးချေမှု ရွေးချယ်ခွင့်တွေ များပြားလာခြင်းနဲ့အတူ တိမ်မြှုပ် ပျောက်ကွယ်သွားခဲ့ပေမယ့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်နောက်ပိုင်းကစလို့ တကျော့ပြန် တွင်ကျယ်လာတာ ဖြစ်ပါတယ်။
“အဓိက ကတော့ မြန်ဆန်ပြီး လုံခြုံစိတ်ချရတဲ့အတွက် ဒီနည်းလမ်းကိုပဲ သုံးနေကြတာ။ ဘယ်သူကတော့ တရားဝင် ငွေမလွှဲချင်ဘဲ ရှိကြမလဲ။ တရားဝင် လွှဲလို့ရအောင်တော့ လုပ်မပေးနိုင်ဘူး။ တရားမဝင် သွားကြတဲ့သူတွေအတွက်ကတော့ ဘဏ်ကနေ လွှဲဖို့ဆိုတာက အထောက်အထား လိုတယ်လေ။ သူတို့ ဒီလိုလုပ်နေတာ ကျွန်တော်တို့တွေအတွက် တကယ် အခက်အခဲဖြစ်ရတယ်” လို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။
နစကအနေနဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေကို လစဥ် လစာရဲ့ ၂၅ ရာခိုင်နှုန်းကိုဖြစ်စေ၊ အများဆုံး သုံးလစာရဲ့ ၂၅ ရာခိုင်နှုန်းဖြစ်စေ တရားဝင်လမ်းကြောင်းက လွှဲပို့ရမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လကုန်ပိုင်းက ညွှန်ကြားချက် ထုတ်ပြန်ခဲ့သလို အဲ့ဒီ့နှစ် အောက်တိုဘာ ၁ ရက်မှ စတင်ကာ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လစာအပေါ် ရရှိတဲ့ နိုင်ငံခြားငွေ အမျိုးအစားအလိုက် ဝင်ငွေခွန် ပေးဆောင်ရမယ်လို့လည်း ကြေညာထားတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နှစ်လယ်ပိုင်းကစပြီး ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန် စတဲ့ နိုင်ငံအသီးသီးကို သွားရောက် အလုပ် လုပ်ကိုင်ကြတဲ့ မြန်မာလုပ်သားဦးရေ ပိုမို များပြားလာနေတာဖြစ်ပြီး သူတို့အားလုံးရဲ့ ငွေလွှဲစနစ်ကို ထိန်းချုပ်နိုင်ဖို့ နစကဘက်က ကြိုးပမ်းလျက်ရှိတာမှာ ပြည်ပရောက် လုပ်သားဦးရေစာရင်းကို ပေးဖို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို ညွှန်ကြားထားသလို နိုင်ငံကူးလက်မှတ် ထုတ်ပေးနေတာတွေကိုလည်း ကန့်သတ်မှုတွေ ပိုပြီး ပြုလုပ်လာနေတာ ဖြစ်ပါတယ်။
Photo: Original Uploader