သိုင်းငင်း လုံခြုံရေးစခန်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားပြီးနောက် ကလေး – တီးတိန် – ဖလမ်း ကားလမ်းမှာ ယာဥ်အသွားအလာ မရှိ

 

ဇန်နဝါရီ ၊ ၁၇ ၊ ၂၀၂၄

SP ( VOM)

ချင်းပြည်နယ် မြောက်ပိုင်း ၊ တီးတိန်ခရိုင် ၊ တီးတိန်မြို့နယ် ၊ သိုင်းငင်းကျေးရွာ ၊ ဟားခါး – ဖလမ်း – တီးတိန် – ကလေး ကားလမ်းမှာရှိတဲ့ နစက လုံခြုံရေးစခန်းကို မနေ့ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းက ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားလိုက်ပြီးနောက် ဒီကနေ့မှာတော့ ကလေး – တီးတိန် – ဖလမ်း ကားလမ်းမှာ ယာဥ်အသွားအလာတွေ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

” သိုင်းငင်းရွာဆိုတာ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည်နယ်ကိုသွားတဲ့အခါ ပထမဆုံး တွေ့ရတဲ့ တောင်ပေါ်ကားလမ်းခွဲ နေရာတခုမှာရှိတယ် ၊ အဲ့ဒီ ကားလမ်းခွဲကနေ ညာဘက်ကိုသွားရင် တီးတိန်ကိုရောက်တယ် ၊ ဘယ်ဘက်အတိုင်း ဆက်သွားရင် ဖလမ်းမြို့နဲ့ ဟားခါးမြို့ကို ရောက်တယ် ၊ သိုင်းငင်းရွာက တီးတိန်လမ်းခွဲဘက်မှာရှိတယ် ၊ အဲ့ဒီနေရာက တောင်တန်းတွေ ပတ်လည်ဝိုင်းထားတယ် ၊ အဲ့ဒီမှာ နစက လုံခြုံရေးအဖွဲ့ စခန်းတခုရှိတယ် ၊ မနေ့ မနက်ပိုင်းက အဲ့ဒီစခန်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားလိုက်တယ် ၊ နှစ်ဘက် ထိခိုက်သေဆုံးမှုတွေရှိတာကြောင့် ဒီမနက်တော့ သိုင်းငင်းလမ်းကြောင်းမှာ ယာဥ်အသွားအလာ မရှိဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။

သိုင်းငင်းရွာခံတယောက်က ” အဲ့ဒီ တပ်စခန်းမှာက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက် ညပိုင်းကနေစလို့ ဒေသတွင်း လက်နက်ကိုင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာ မနေ့က ဆိုရင် လေးရက်ရှိပြီ ဖြစ်တယ် ၊ မနေ့ မနက်ပိုင်း ကနေစလို့ ပစ်ခတ်သံတွေရပ်သွားတယ် ၊ မိုးလင်းမှ သိရတာက အဲ့ဒီ တပ်စခန်းကို ဒေသတွင်း လက်နက်ကိုင်တွေက ထိန်းချုပ်ထားတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် တီးတိန်မြို့နယ် ပရဟိတသမားတယောက်က ” အဲ့ဒီတိုက်ပွဲမှာ နှစ်ဘက်သေဆုံးမှုတွေ ရှိတယ် ၊ လောလောဆယ်သိရတာက CNA – 1 ( Van thawng Lian) ၊ CDF- KKG – 3 ( Tebawih , Val Puia, Si Thu Aung ) ၊ CDF- Thantlang – 1 ၊ CDF- CDM Siyin – 1 ၊ CDF- Hakha 1 (Salai Tluang Tin Ceu) ၊ CDF- KKG ( Langh Pum Khai)အပါအဝင် ဒေသတွင်း လက်နက်ကိုင်ဘက်က ရှစ်ယောက် ထိခိုက်သေဆုံးတယ် ၊ နစက ဘက်က ထိခိုက်သေဆုံးမှုကိုတော့ စီစစ်နေဆဲဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီအပြင် ချင်းပြည်နယ် ဒေသတွင်း လူမှုကွန်ရက်တွေမှာ ဖော်ပြထားတာက သိုင်းငင်း လုံခြုံရေးစခန်း ထိတွေ့တိုက်ပွဲ ဖြစ်စဥ်မှာ နစက လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးနေတာ တွေ့ရကြောင်း ထုတ်ပြန်ထားတယ်လို့သိရပါတယ်။

အဲ့ဒီ သိုင်းငင်း လုံခြုံရေး စခန်းမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာနဲ့ ပတ်သက်လို့ ချင်းပြည်နယ် လုံခြုံရေး အဖွဲ့ဝင်တယောက်က ” သိုင်းငင်း လုံခြုံရေးစခန်းမှာ ထိတွေ့တိုက်ပွဲဖြစ်တယ် ၊ ထိခိုက်ကျဆုံးမှုတွေရှိတယ် ၊ စီစစ်နေဆဲဖြစ်နာကြောင့် အရေအတွက် မရှိရသေးဘူး” လို့ ပြောပါတယ်။

အဲ့ဒါကြောင့်် မနေ့ကစလို့ ကလေး တီးတိန် နဲ့ ကလေး ဖလမ်းလမ်းပိုင်းမှာ ယာဥ်သွား ယာဥ်လာတွေ မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်း နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ရိခေါဒါရ်မြို့နယ် ၊ မြန်မာ – အိန္ဒိယ နယ်စပ်မှာရှိတဲ့ ရိဒ်ခေါဒါရ် စခန်းနဲ့ တီအိုချောင်း (Khua Mawi) စခန်း နှစ်ခု ၊ တီးတိန်မြို့နယ် ၊ကနေဒီတောင် လုံခြုံရေးစခန်း ၊ ချင်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ မတူပီမြို့နယ် ၊ ရေဇွာမြို့နယ်ခွဲ ၊ လိုင်းလာဲပီးမြို့နယ်ခွဲနဲ့ ပလက်ဝမြို့နယ်တွေကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo: Original Uploader

 

 

Related posts

Leave a Comment

VOM News

FREE
VIEW