ဖေဖော်ဝါရီ ၂ – ၂၀၂၄
SN (VOM)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ည ၉ နာရီကနေ မနက် ၄ နာရီအတွင်း အပြင်ထွက်သွားလာခြင်း မပြုလုပ်ကြဖို့ နစက က မနေ့ ဖေဖော်ဝါရီလ ၁ ရက်၊ ညနေပိုင်းက လိုက်လံကြေညာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီ့ အမိန့်ကို နစက က စစ်တွေမြို့တွင်း လှည့်လည်ကာ လော်စပီကာတွေနဲ့ လိုက်လံ ကြေညာခဲ့ခြင်းဖြစ်ပြီး လိုက်နာမှုမရှိပါက ပြင်းထန်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“သူတို့မကြေညာလည်း ညနေ ၆ နာရီနောက်ပိုင်းဆို လမ်းပေါ် ဘယ်သူမှ မရှိကြတော့ပါဘူး။ အစကတည်းကိုက လုံခြုံရေးအရ စိုးရိမ်နေရတဲ့ အနေအထားကိုး။ ပစ်ခတ်မှုတွေလည်း အချိန်မရွေး ဖြစ်နေတယ်။ လမ်းမှာဆိုရင်လည်း လုယက်မှုတွေ၊ ဓားခုတ်ခံရတာတွေလည်း နောက်ပိုင်း ပိုများလာတော့ ညနေ ၆ နာရီနောက်ပိုင်းဆို တော်ရုံ ဘယ်သူမှ အပြင်ထွက်ကြတော့ဘူး” လို့ စစ်တွေဒေသခံတယောက်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေကို ထိခိုက်စေတဲ့ တိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက် အခုလို ညမထွက်ရအမိန့် ထုတ်ပြန်ရတာဖြစ်ကြောင်း နစကရဲ့ကြေညာချက်မှာ ထည့်သွင်း ပြောဆိုသွားခဲ့တယ်လို့လည်း သိရပါတယ်။
ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကနေစလို့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။
ရခိုင်ဒေသအတွင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အစရှိတဲ့ မြို့ကြီးတွေအတွင်းမှာ နစကတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ပြင်းထန်လျက်ရှိသလို ဘူးသီးတောင်မြို့၊ မောင်တောမြို့နဲ့ ရမ်းဗြဲမြို့တွေမှာလည်း တိုက်ပွဲအနည်းငယ် ဖြစ်ပွားနေတယ်လို့ AA က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှု စကခ (၉) လက်အောက်ခံ ခမရ (၃၇၄) တပ်ရင်းကို ဇန်နဝါရီ ၃၀ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့သလို မင်းပြားမြို့က စကခ (၉) လက်အောက်ခံ ခမရ (၃၈၀) တပ်ရင်းကိုလည်း ဇန်နဝါရီလ ၂၈ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ အဲ့ဒီ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့ မြို့တွေက ကျန်ရှိနေတဲ့ နစကတပ်ရင်းတွေကိုလည်း အပြီးသတ် သိမ်းယူနိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် (AA) က အလုံးစုံထိန်းချုပ်ထားပြီလို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ ညမှာ ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁ ရက်၊ ညပိုင်း ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ တရက်ပြီးတရက် အရှိန်မြင့်လာနေပြီး နေရာသစ်တွေမှာပါ တိုက်ပွဲတွေ ဖြစ်ပွားလာနေတယ်လို့ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့က မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့သလို တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့နယ် မလကျွန်းမှာပါ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
နစကဘက်ကတော့ လက်ရှိ ရခိုင်ဒေသရဲ့ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
အခုလို ရခိုင်ပြည်နယ်တွင်း နေရာအနှံ့အပြားမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မြို့ပေါ်နဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်အရေအတွက်တွေ များပြားလာနေတာကြောင့် စားဝတ်နေရေး၊ နေရာထိုင်ခင်း ကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရသလို ကျန်းမာရေးအတွက် ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်ရှိ ရခိုင်ပြည်နယ်မှာ ကုန်စည်စီးဆင်းမှုတွေနဲ့ ကုန်းလမ်း ရေလမ်း အားလုံးကို ပိတ်ထားတဲ့အတွက် ပြည်တွင်း၊ ပြည်ပ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့တွေအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ကူညီထောက်ပံ့ဖို့ ကြိုးစားရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
စားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ရှားပါးလာနေလို့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေသလို ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာတွေကြောင့် ဘဏ်လုပ်ငန်းတွေ၊ မိုင်းဘိုင်း ငွေသွင်း၊ ငွေထုတ် လုပ်ငန်းတွေမှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ကူညီကယ်ရေးအဖွဲ့တွေအနေနဲ့ ပိုပြီးတော့ အခက်ကြုံနေရတယ်လို့ သိရပါတယ်။
“အခုကတော့ တတ်နိုင်တဲ့ရွာကနေ မတတ်နိုင်တဲ့ရွာကို ထောက်ပံ့တာမျိုးပေါ့။ အဲ့လိုမျိုးပဲ လတ်တလော ဖြေရှင်းနေကြတယ်။ နေရထိုင်ရတာက လူဦးရေက များများလာတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ အိပ်ရတာလည်း ဖြစ်သလိုပေါ့။ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေကလည်း အဆင်မပြေသေးတော့ အရေးပေါ် လိုအပ်တဲ့နေရာတွေ အကူအညီပေးနိုင်ဖို့ကလည်း ထင်သလောက် ခရီးမတွင်ဘူးဖြစ်နေတယ်” လို့ လူမှုကူညီရေးအသင်းတသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်တွေဟာ အသက်ဘေးအန္တရာယ်ကနေ ကင်းလွတ်မယ့် နီးစပ်ရာ ကျေးရွာတွေက စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ အများဆုံး ခိုလှုံနေကြရတာဖြစ်ပေမယ့် နေရာကနည်းပြီး လူဦးရေကများနေတဲ့အတွက် ဆွေမျိုးနီးစပ်တော်သူတွေနဲ့ ရင်းနှီးသူတွေရဲ့အိမ်တွေမှာ သွားရောက် နေထိုင်နေကြရပြီး တချို့အိမ်တွေမှာဆိုရင် အယောက် ၂၀ ကနေ ၃၀ လောက်အထိ နေထိုင်နေကြရတာကြောင့် အဆင်မပြေမှုတွေ ပိုများလာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ စတင်ဖြစ်ပွားလာတဲ့ နစကနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တကျော့ပြန်တိုက်ပွဲဟာ လက်ရှိမှာ ရက်ပေါင်း ၈၀ ဝန်းကျင် ကြာမြင့်လာနေပြီ ဖြစ်ပါတယ်။
တကျော့ပြန် တိုက်ပွဲကာလအတွင်း စစ်ဘေးရှောင်ဦးရေ သုံးသိန်းဝန်းကျင် တိုးလာနေပြီး အရင်စစ်ရေးကာလက ရခိုင်နဲ့ ပလက်ဝမြို့နယ်မှ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေနဲ့ပါ ပေါင်းလိုက်ရင်တော့ စစ်ဘေးရှောင် စုစုပေါင်း သုံးသိန်း ခြောက်သောင်းနီးပါးအထိ ရှိလာပြီဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းအရ သိရပါတယ်။
ဒါပေမယ့် တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရသေ့တောင်၊ ကျောက်ဖြူ အစရှိတဲ့ မြို့နယ်တွေမှာ စစ်ရှောင်အရေအတွက် တိုးလာနေပြီး ရခိုင် (မြောက်ပိုင်း) မှာ စစ်ရေးအရှိန် မြင့်တက်လာတာနဲ့အမျှ ဒေသတွင်း နေရပ်စွန့်ခွာသူတွေဟာလည်း နေ့စဉ်နဲ့အမျှ တိုးပွားလာနေတာကြောင့် စစ်ရှောင်အရေအတွက်ဟာ လက်ရှိစာရင်းတွေထက် ပိုပြီး များပြားနိုင်ကာ အတိအကျ ခန့်မှန်းဖို့ မလွယ်ကူနိုင်သလို မြို့တွင်း တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
Photo: Original Uploader