ဖေဖော်ဝါရီ ၂၃၊ ၂၀၂၄
Shy V (VOM)
ကျယ်ဂေါင် နယ်စပ် ဧရိယာ အတွင်း အချိန်ကြာကြာ ဖရိုဖရဲ ရပ်ထားတဲ့ ကားတွေကို ဥပဒေအရ ယာဉ်ထိန်းတွေ သိမ်းသွားမှာ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့က တရုတ်ဘက် အသိပေးပေးစာ ထုတ်ပြန်ထားပါတယ်။
“ဟုတ်တယ်။ ကျယ်ဂေါင်က ကားတွေကို ဒီ လမ်းဘေးမှာ ရပ်ထားတယ်ပေါ့နော်။ ဒီ သုံး ရက် ခွင့် ပြုပေးတယ်ပေါ့နော်။ အဲဒီမှာ လာမယူ လို့ ရှိရင် ဒီ ကျယ်ဂေါင် လမ်းဘေးမှာ ရပ်ထားတဲ့ ကားတွေကို တရုတ်က သိမ်းမှာ ဟုတ်တယ်။” နယ်စပ် ဒေသခံ တယောက် က ပြောပါတယ်။
ဒါ့ အပြင် မူဆယ် ထွက်ပေါက် ကနေ တရုတ်နိုင်ငံဖက် နယ်စပ်ဖြတ်သန်းခြင်းဆိုင်ရာ လိုက်နာရမယ့် စည်းမျဉ်းတွေကို ရွှေလီ ပြည်ပ ရေးရာမှ မူဆယ်ဘက် သက်ဆိုင်ရာ ဌာနသို့ ဖေဖော်ဝါရီ ၁၆ အသိပေး ကြေညာစာ ပေးပို့ ထားကြောင်း သိရပါတယ်။
တရားဝင်ဖြတ်သန်းခွင့်နဲ့ နှစ်နိုင်ငံ သတ်မှတ်ထားတဲ့ နယ်စပ်ဂိတ်ပေါက် ကနေသာ တရုတ်နိုင်ငံသို့ ဝင်ရောက်ရန်၊ တရားမဝင် ဝင်ရောက်မှုကို တားမြစ်ထားကြောင်း၊ သတ်မှတ်မှတ်ချက် ချိုးဖောက်သူတွေကို တရုတ်ဥပဒေတွေနဲ့အညီ ပြင်းထန်စွာ အရေးယူသွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ရွှေလီသို့ ဝင်ရောက်ပြီးနောက် “မြန်မာ – တရုတ်နယ်စပ်ဂိတ်” နယ်စပ် ဖြတ်သန်းခွင့် စာအုပ်အနီ ကိုင်ဆောင်ထားသူတွေ အနေနဲ့ အလုပ်လုပ်ရန်၊ ပညာသင်ကြားရန်၊ စီးပွားရေး (အရောင်းအဝယ်) လုပ်ရန်၊ ဆေးကုသရန် ဖြစ်ပြီး ကျောင်းတက်ရန်အတွက် ၃ လ ထက်ကြာနေထိုင်ရန် လိုအပ်ပါက မြန်မာ – တရုတ် နယ်စပ် ဂိတ်မှာ လျှောက် ထားရမှာ ဖြစ်ပြီး နယ်စပ်ဖြတ်သန်းခွင့် စာအုပ်အနီနဲ့ တရုတ်ဘက်ထဲ ဝင်ပြီး ၃ ရက်အတွင်း ရွှေလီနိုင်ငံခြားသား ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု စင်တာတွင် ယာယီနေထိုင်ခွင့်လက်မှတ်ကို လျှောက်ယူရမှာ ဖြစ်ကြောင်းလည်း ရှင်းလင်း ဖော်ပြထားပါတယ်။
ယာယီနယ်စပ် ဖြတ်သန်းခွင့် တခါသုံး တပတ်ကဒ်တ် ကိုင်ဆောင်ထားသူတွေဟာ တရားဝင် သက်တမ်း ၆ ည နဲ့ ၇ ရက် အတွင်း မြန်မာနိုင်ငံသို့ အချိန်မီ ပြန်ထွက်ရန်လည်း သတိပေးထားပါတယ်။
တရုတ်ဘက်ထဲ ဝင်ရောက်ပြီး ၂၄ နာရီအတွင်း အငှားအိမ်ပိုင်ရှင် သို့မဟုတ် အလုပ်ရှင်ရဲ့ ထောက်ခံချက်နဲ့အတူ နယ်စပ် ယာယီ ဖြတ်သန်းခွင့်ကဒ်နဲ့ မှတ်ပုံတင်ကို ယူလာပြီး မိမိနေထိုင်တဲ့ နယ်မြေရဲစခန်းတွင် နေထိုင်ခွင့် မှတ်ပုံတင် QR ကုဒ် လျှောက်ထားရန် အကြံပြုထားပါတယ်။
“QR Code ဆိုတာက ဧည့်စာရင်း တိုင်တာပဲ ဟုတ်တယ်။ နေထိုင်ခွင့် မဟုတ်ဘူး။ အလုပ်လုပ်ခွင့်လည်း မဟုတ်ဘူး” လို့ ရွှေလီ ရောက် မြန်မာနိုင်ငံသား တယောက်က ပြောပါတယ်။
တရားမဝင် ပွဲစားတွေကနေ တစ်ဆင့် အလုပ်အကိုင် ရှာဖွေခြင်း မလုပ်ရန်၊ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ အရည်အချင်းပြည့်မီတဲ့ နိုင်ငံခြားသားအလုပ်သမားဝန်ဆောင်မှု ကုမ္ပဏီတခုနဲ့ မှတ်ပုံတင်ပြီး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရမှာဖြစ်ကာ ကိုယ်ပိုင်အာမခံကို ဝယ်ယူ၍ သင်တန်းအောင်မြင်ပြီးပါက အလုပ်လုပ်ခွင့် “Work Permit” ကို လျှောက်ထားရမှာဖြစ်ကြောင်းလည်း အဲဒီ အသိပေးစာမှာ ဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်း၊ အရက်သေစာ သောက်စားခြင်း၊ လောင်ကစားလုပ်ခြင်း၊ အရက်သေစာ သောက်စား မူးယစ်ပြီး ခိုက်ရန် ဖြစ်ပွားခြင်း၊ မိသားစု စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ အိမ်တွင်းအကြမ်း ဖက်မှု၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနဲ့ ကလေးငယ်များကို ရိုက်နှက် ဆုံးမခြင်းတွေကို တားမြစ်ထားပါတယ်။
အရက်သေစာ သောက်စားပြီး လိုင်စင်မရှိဘဲ ကား၊ နှစ်ဘီးဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ လိုင်စင်မဲ့ယာဉ် မောင်းနှင်ခြင်းကို တားမြစ်ထားပြီး အရှိန်လွန် မောင်းနှင်ခြင်း၊ မီးနီနဲ့ လမ်းမှားဘက် မောင်းနှင်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲပြီး မောင်းနှင်ခြင်း မလုပ်ရန် တားမြစ်ထားပါသေးတယ်။
မော်တော်ဆိုင်ကယ် မောင်းနှင်ရင် ဦးထုပ် ဆောင်းရန်၊ ကားမောင်းချိန် ထိုင်ခုံခါးပတ်ကို စည်းရန်၊ လမ်းလျှောက်ခြင်း၊ ဘတ်စ်ကား သို့မဟုတ် လျှပ်စစ်ကား နဲ့ သွားလာရန် ပြောထားပါတယ်။
နယ်စပ် ဝင်ထွက်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ ဆက်စပ်ဥပဒေတွေ၊ စည်းမျဉ်း စည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်မှု ပေါ်မူတည်ပြီး ဖမ်းဆီး စစ်ဆေးခြင်း၊ တစ်နှစ် ကနေ ငါးနှစ်အထိ ပြည်နှင်ဒဏ်ပေးခြင်း ပြုလုပ်သွားမှာ ဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။
မြန်မာဘက် မူဆယ် နယ်စပ် ဂိတ်ကနေ တရုတ်ဘက်ခြမ်းကို နေ့စဉ် မြန်မာ လုပ်သား ထောင်ချီ ဝင်ရောက်နေတာ ဖြစ်ပါတယ်။
Photo Crd# The Gateway Residents Committee & ရွှေလီ ပြည်ပရေးရာ ဌာန