ဆာနား၊ ဖေဖော်ဝါရီ-၂၃-၂၀၂၄
မျိုးဆက်(VOM)
အေဒင်ပင်လယ်ကွေ့မှာ ဗြိတိန်ပိုင် ကုန်တင်သင်္ဘောတစင်းဟာ ဟူသီသူပုန်တွေပစ်ခတ်လိုက်တဲ့ ဒုံးကျည်နှစ်စင်း ထိမှန် ပျက်စီးသွားပြီး ဒဏ်ရာရသူအနည်းငယ်ရှိတယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
ယီမင်နိုင်ငံ အေဒင်ဆိပ်ကမ်းမြို့ကနေ အရှေ့တောင်ဘက်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး သင်္ဘောဟာ ဆက်လက်ခုတ်မောင်းသွားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် သင်္ဘောပေါ်မှာမီး လောင်မှုဖြစ်ခဲ့တယ်လို့ ဗြိတိန်အာဏာပိုင်တွေက ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ဟူသီသူပုန်အဖွဲ့က အတည်ပြုထားပြီး အမေရိကန်စစ်သင်္ဘောတစင်းကိုလည်း ဒုံးကျည်တွေနဲ့ ပစ်ခတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေဟာ ဂါဇာစစ်ပွဲမှာ ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ဒေသတွင်းမှာ သွားလာတဲ့နေတဲ့ ကုန်တင်သင်္ဘောတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကမ္ဘာ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုရဲ့ ၁၂ရာခိုင်နှုန်းရှိနေတဲ့ အဲဒီဒေသရေလမ်းကြောင်းမှာ ဟူသီတို့ရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာအဖွဲ့တွေက တပ်ဖြန့်ပြီး ကင်းလှည့်မှုတွေ လုပ်ဆောင်နေကြပါတယ်။
Ref:BBC
Photo: Getty Images