ဒီရက်ပိုင်းတိုက်ပွဲတွေကြောင့် မုံရွာခရိုင်မှာ လူသေဆုံးတာတွေအပြင် လူနေအိမ်တွေပါ မီးလောင်ပျက်စီး

မတ် ၊ ၂ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်တွေဘက်မှာ နစက နယ်မြေရှင်းလင်းရေးလုပ်လာတာမို့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပြီး လူသေဆုံးတာတွေအပြင် ကျေးရွာတချို့ လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မုံရွာဒေသခံတယောက်က
” မနေ့က မနက်အစောပိုင်း ကစလို့ မုံရွာမြို့နယ်ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေဖြစ်တယ် ၊ အဲ့ဒီဘက်ဒေသမှာက မုံရွာအကျဥ်ထောင် သစ် စီမံကိန်းလုပ်ငန်းခွင်ရှိတယ် ၊ အဲ့ဒါကြောင့် ညဘက်ဆိုရင် မကြာခဏ ပေါက်ကွဲသံတွေကြားရတယ် ၊ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက အကျဥ်းထောင် လုံခြုံရေးအဖွဲ့ ငါးယောက်ဟာ မုံရွာဆေးရုံဆီ လူနာလိုက်ပို့တဲ့အခါ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက မုံရွာ သာစည်လမ်းကနေ ဖြတ်စောင့်ပြီး အဲ့ဒီ လူနာတင်ယာဥ်ကို တိုက်ခိုက်တယ် ၊ အဲ့ဒါကြောင့် ထောင်လုံခြုံရေး လေးယောက်နဲ့ ပရဟိတသမား တယောက် သေတယ် ၊ လူနာတင်ယာဥ်လည်း မီးရှို့ခံရတယ် ၊ အဲ့ဒီနောက်ပိုင်း မုံရွာမြို့နယ်ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာ ရှိတဲ့ ကျွဲရဲ ၊ တောင်ပလူ ၊ ခိုးသန်း ၊ ယင်းပန်း ၊ ကံပြားကြီး ၊ တဲကြီးကုန်း ၊ ဒါန်းပင်တဲ ၊ ကိုးပင် ၊ စတဲ့ကျေးရွာတွေဘက်မှာ မတည်ငြိမ်မှုတွေဖြစ်ပေါ်လာပြီး မကြာခဏတိုက်ပွဲတွေဖြစ်တယ် ၊ အဲ့ဒီ တိုက်ပွဲကြားမှာ ကျေးရွာတွေမှာရှိတဲ့ လူနေအိမ် တချို့ မီးလောင်ပျက်စီးတယ် ၊ မနေ့မနက်ပိုင်းက ခိုးသန်းရွာဘက်မှာ မီးလောင်တာတွေဖြစ်လို့ အိမ်ခြေ ၇၀ နဲ့ တရာကြား မီးလောင်ပျက်စီးတယ် ၊ ဘယ်အဖွဲ့က ရှို့တယ်ဆိုတာ အခုထိ မသိရသေးဘူး ၊ အဲ့ဒါကြောင့် မုံရွာနယ်ရဲ့ အရှေ့မြောက်ဘက်ခြမ်း သာစည် ကံပြားနယ်မှာ ဒေသခံတွေ ယာယီတိုက်ပွဲရှောင်နေရတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း မုံရွာနယ်ရဲ့ အရှေ့တောင်ဘက်ခြမ်းမှာရှိတဲ့ ဗန်စီကျေးရွာနဲ့ မုံရွာ မန္တလေးကားလမ်းမှာရှိတဲ့ ကြေးမုံ ကျေးရွာဘက်ကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ဝင်ရောက်လာပြီးနောက် ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပြီး PDF စခန်း နှစ်ခုဖျက်ဆီးရခံကာ လူတချို့ ထိခိုက်သေဆုံးတယ်လို့ သိရပါတယ်။

အဲ့ဒီ အပြင် မုံရွာခရိုင် ၊ မုံရွာမြို့နယ်နဲ့ ထိစပ်နေတဲ့ ချောင်းဦးမြို့နယ် ၊ ကျောက်တန်းကျေးရွာနားက လက်နက်တွေ ထုတ်လုပ်နေတဲ့ PDF စခန်းတခု မီးရှို့ဖျက်ဆီးခံရတာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဒေသတွင်း လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားတာက ချောင်းဦးမြို့နယ် ၊ ကျောက်တန်းရွာနားမှာရှိတဲ့ PDF မိုင်းထုတ်လုပ်ရေးစခန်း တခု မီးရှို့ဖျက်ဆီးခံရပြီး ၊ လက်လုပ်သေနတ်(အတို) ၂ လက် ၊ လက်လုပ်သေနတ်(အရှည်) ၅ လက် ၊ လက်လုပ်စိန်ပြောင်း ၃ လက် ၊ ယမ်းမှုန့်(၅ ပိဿာ) ၁ ထုပ် ၊ လက်လုပ်မိုင်းမျိုးစုံ ၅ လုံး ၊ လူနေတဲ ၅ လုံး သိမ်းဆည်းခံရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ချောင်းဦးမြို့နယ်နဲ့ ထိစပ်နေတဲ့ မြောင်မြို့နယ် ၊ မကျီးကန်ကျေးရွာနားမှာ မနေ့ မတ် ၁ ရက် မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားပြီး PDF ကင်းသမား သုံးယောက် ထိခိုက်သေဆုံးတယ်လို့ သိရပါတယ်၊ အဲ့ဒီ သေဆုံးသူတွေကတော့ MSPDF အဖွဲ့က ရဲဘော် ဒန်အိုးခေါ် နေဇော်အောင် ၊ ရဲဘော် ​ဗြေလုံ ခေါ် ဇော်ရတနာပိုင်ထွေး နဲ့ ရဲဘော် ကြွက်ဖြူ ခေါ် တင်မျိုးအောင်ဖြစ်တယ်လို့ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ပြီးတဲ့ရက်ကလည်း ချောင်းဦးမြို့နယ် ၊ မုံရွာ မန္တလေး ကားလမ်းပေါ်မှာ ဖောက်ခွဲတိုက်ခိုက်ဖို့ အသင့်ထောင်းထားတဲ့ မိုင်းအလုံး တရာကျော် တွေ့ရလို့ နစက နယ်မြေရှင်းလင်းရေးအဖွဲ့တွေက ဖယ်ရှားခဲ့ရတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW