ဂျပန်ဗီဇာ ကြိုတင်ရက်ချိန်းကို အီးမေးလ်နဲ့ ပြောင်းလဲ ဆောင်ရွက်ပေးမယ်လို့ ဂျပန်သံရုံး ကြေညာ

မတ် ၁ – ၂၀၂၄
SN (VOM)

ဂျပန်ဗီဇာ ကြိုတင်ရက်ချိန်း ရယူခြင်းအတွက် တယ်လီဖုန်းနဲ့ ဆောင်ရွက်‌ပေးခြင်းကို ခေတ္တခဏ ရပ်နားပြီး အီးမေးလ်နဲ့ လက်ခံ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်ရှိမြို့ရှိ ဂျပန်သံရုံးက ဒီကနေ့ မတ်လ ၁ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။

‌လက်ရှိမှာ ဂျပန်ဗီဇာ လျှောက်ထားသူ များပြားနေတာကြောင့် ပိုမိုလွယ်ကူ အဆင်ပြေစေဖို့ ကြိုတင်ရက်ချိန်း ရယူခြင်းစနစ်ကို ပြောင်းလဲ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဒီလို ပြောင်းလိုက်တာကို သိပ်တော့ မကြိုက်ဘူး။ ဖုန်းနဲ့တောင် အဆင်မပြေတာကို အီးမေးလ်နဲ့တဲ့။ ဖုန်းဆက်ပြီး ရက်ချိန်း ကြိုယူတာတောင် စကားပြောရတာ အဆင်မပြေဘူး။ အီးမေးလ်နဲ့ဆို ပိုဆိုးမယ်။ အီးမေးလ်က သူတို့ ကြည့်မှန်းမသိ၊ မကြည့်မှန်း မသိနဲ့။ ဘယ်တော့ အကြောင်းပြန်မှန်းမသိ ဖြစ်နေမှာ” လို့ ဂျပန်နိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေသူ‌တယောက်က ပြောပါတယ်။

သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ အီးမေးလ်နဲ့ အကြောင်းပြန်ဖို့အတွက် အချိန်အနည်းငယ် ကြန့်ကြာနိုင်ပေမယ့် အီးမေးလ်တစောင်ရရှိပါက မပျက်မကွက် အကြောင်းပြန်ပေးမှာ ဖြစ်တဲ့အတွက် စိတ်မပူကြဖို့ မေတ္တာရပ်ခံထားပါတယ်။

တယ်လီဖုန်းနဲ့ ပြည်လည် ရက်ချိန်းရယူနိုင်မယ့် အချိန်ကိုလည်း ထပ်မံ အသိပေး အကြောင်းကြားပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ မြန်မာအလုပ်သမားတွေ ခေါ်ယူတာကို ၂၀၂၀ ခုနှစ်၊ ကိုဗစ်ရောဂါ ဖြစ်ပွားချိန်က ရပ်ဆိုင်းခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ မတ်လမှ စတင်ကာ ပြန်လည်လက်ခံ ခေါ်ယူခဲ့တာမှာ လစဥ်ပျမ်းမျှ အလုပ်သမား တထောင်ဝန်းကျင်နဲ့အထက် ခေါ်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမားတွေအနေနဲ့ ဂျပန်က သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုး‌ရေး၊ စားသောက်ကုန်လုပ်ငန်းနဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ အများဆုံး သွားရောက် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံကို အလုပ်သမား စေလွှတ်နေတဲ့ တရားဝင်လိုင်စင်ရ အေဂျင်စီ စုစုပေါင်း ၄၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဂျပန်လိုပဲ ထိုင်းနိုင်ငံကို သွားရောက်ဖို့အတွက်လည်း ဗီဇာလျှောက်ထားသူ များပြားလွန်းတာကြောင့် ဗီဇာရက်ချိန်း ရယူမှုအတွက် လူတန်းစီစနစ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ဝ ရက်က ဖျက်သိမ်းခဲ့ပြီး အီးမေးလ်နဲ့ ရက်ချိန်းရယူခြင်းစနစ်ကို ပြောင်းလဲခဲ့ရပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW