တာချီလိတ်မှာ လေထုညစ်ညမ်းမှု အနီရောင် အဆင့်ဖြစ်နေလို့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ခံစားနေရ

မတ် ၊ ၅ ၊ ၂၀၂၄
TT(VOM)

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်ခရိုင် ၊ တာချီလိတ်မြို့မှာ ဒီရက်ပိုင်းမှာ လေထုညစ်ညမ်းမှုတွေဖြစ်ပေါ်နေပြီးနောက် ဒေသခံအများစု အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ တွေ့ကြုံခံစားနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တာချီလိတ်မြို့ခံတယောက်က
” ဒီရက်ပိုင်းမှာ တာချီလိတ်နယ်တခုလုံး ၊ မီးခိုးမှုန်တွေပါဝင်တဲ့ လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတယ် ၊ အဲ့ဒါကြောင့် ဒေသခံအများစုဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာဖြစ်တဲ့ နှာရည်ယိုတာ ၊ ခေါင်းမူးခေါင်းကိုက်တာ ၊ ချောင်းဆိုးတာ ၊ အသက်ရှုကြပ်တာ ၊ အောက်စီဂျင် အလုံအလောက် ပြည်ဝစွာ မရရှိတဲ့ လက္ခဏာ စတာတွေဖြစ်တယ် ၊ အဲ့ဒီလိုဖြစ်​နေကြလို့ နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေ ပြနေရတာတွေရှိတယ် “လို့ ပြောပါတယ်။

တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဌာနနဲ့ နီးစပ်သူတယောက်က
” တာချီလိတ်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းဆိုင်ရာ ပြသနာကြောင့် အများပြည်သူ အိမ်ပြင်မထွက်ကြဖို့ သတိပေးနှိုးဆော်တာတွေကို ကျန်းမာရေးဌာန ၊ မီးသတ်တပ်ဖွဲ ၊ ပရဟိတ အဖွဲ့တွေက လုပ်ဆောင်ပေးနေတယ် ၊ လေထုညစ်ညမ်းမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်တတ်တဲ့ ရောဂါလက္ခဏာက အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တယ် ၊ အခုရက်ပိုင်း ချောင်းဆိုးရောဂါ ၊ ခေါင်းမူးခေါင်းကိုက်ရောဂါနဲ့ အသက်ရှုမဝတဲ့ ရောဂါရှိသူတွေ ဆေးရုံကိုလာပြတာတော့ရှိတယ် ၊ အရေးပေါ်အဆင့်တော့ မဟုတ်ဘူး ” လို့ပြောပါတယ်။

တာချီလိတ် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ၊ တာဝန်ရှိသူတယောက်က
” မတ်လ (၂)ရက်ကနေ (၃) ရက်နေ့အထိ (၂၄)နာရီကြာ တာချီလိတ်မြို့ရဲ့ လေထုအရည်အသွေးကို တိုင်းတာကြည့်တယ် ၊ တိုင်းတာချက်များအရ လေထုအရည်အသွေးဟာ PM 2.5 အနီရောင်အဆင့် (Unhealthy )ဖြစ်နေတယ် ၊အဲ့ဒါကြောင့် ထိခိုက်လွယ်အုပ်စုများဖြစ်တဲ့ သက်ကြီးရွယ်အို ၊ ကလေး ၊ ကိုယ်၀န်ဆောင်မိခင် ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူ နဲ့ နှလုံးရောဂါရှိသူတွေအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ကို ထွက်ခွာသွားလာခြင်း မပြုလုပ်ကြဖို့ ၊ မဖြစ်မနေအပြင်ထွက်ရန်လိုအပ်ပါကလည်း နှာခေါင်းစည်း Mask တွေတပ်ဆင်ပြီးမှ သွားလာကြဖို့ အကြံပြု နှိုးဆော်ထားတယ်” လို့ ပြောပါတယ်။

တာချီလိတ်နယ်ရဲ့ လေထုအရည်အသွေးဟာ နှစ်တိုင်း ဖေဖော်ဝါရီ ၊ မတ် ၊ ဧပြီ လတွေမှာ ညစ်ညမ်းမှုဖြစ်ပွားလေ့ရှိပြီး ၊ အဲ့ဒီ ညစ်ညမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံတချို့ကို ဆိုးကျိုးသက်ရောက်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW