ရွှေလီမှာ အလုပ်ရဖို့ မြန်မာလုပ်သားတွေ လမ်းဘေးအိပ်ပြီး ရှာဖွေ စောင့်ဆိုင်းနေရ

 

မတ် ၅၊ ၂၀၂၄

Shy V (VOM)

မြန်မာ – တရုတ်နယ်စပ်၊ ရွှေလီမှာ အလုပ်ရဖို့ မြန်မာလုပ်သားတွေ လမ်းဘေး ပလက်ဖောင်းပေါ်အိပ်ပြီး အလုပ် ရှာဖွေ၊ စောင့်ဆိုင်းနေကြရကြောင်း ရွှေလီရောက် မြန်မာနိုင်ငံသားတွေ ဆီက သိရပါတယ်။

“ရွှေလီမှာ ဟုတ်တယ်။ အလုပ်မရှိလို့လေ။ အခုက ရွှေလီ မှာလည်း မလွယ်တော့ဘူး။ အလုပ်တွေလည်း အရမ်းခက်လာပြီ။ ရတဲ့ အလုပ်တွေလည်း လခ အရမ်းနှိမ်တယ်။ ခါတိုင်း တရုတ်ငွေ သုံး၊ လေးထောင် ပေးတဲ့အလုပ်တောင် အခု တထောင်ကျော်ပဲရတော့တာ။” လို့ ရွှေလီ ရောက် မြန်မာ နိုင်ငံသား တယောက်က ပြောပါတယ်။

လက်ရှိမှာတော့ တရုတ်ဘက် ဝင်ရောက် အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေ တချို့ လုပ်အားခ နှိမ်လွန်းတာကြောင့် ပြန်လာသူတွေ ရှိနေပေမယ့် တရုတ်ဘက် ဝင်ရောက်လာသူ ပိုများနေတာကြောင့် ရှိတဲ့ အလုပ်နဲ့ လူဦးရေက မကိုက်လို့ အခုလို အလုပ်တွေ ရဖို့ ခက်ခဲ့တဲ့ အပြင်လုပ်အားခ ဈေးနှိမ် ခံနေရတယ်လို့ ဆိုပါတယ်။

“အခုချိန် တရုတ်ဘက် ရွှေလီမှာလည်း အရမ်းခက်ခဲ နေတယ်။ လမ်းဘေးမှာ အိပ်ပြီး အလုပ် လိုက်ရှာရတယ်။ ဟိုတယ် ငှားဖို့ လည်း မတတ်နိုင်ဘူး။ တခန်းကို အနည်းဆုံး တည ယွမ် ၅၀/ ၁၀၀။ မြန်မာငွေနဲ့ ပြန်တွက်ကြည့်ရင် မလွယ်ဘူးလေ ၂၅၀၀၀/၅၀၀၀၀ ဝန်းကျင်ရှိပြီ။” လို့ ရွှေလီရောက် လူငယ် တယောက်က ပြောပါတယ်။

မြန်မာ လုပ်သား အများစုက အလုပ်ရှာဖွေ ပေးတဲ့ ဝန်ဆောင်မှု ကုမ္ပဏီတွေမှာ အလုပ်ရှာကြပေမယ့် ရှိတဲ့ အလုပ်နဲ့ ကိုယ် ကျွမ်းကျင်တဲ့ အလုပ် မကိုက်ညီတာကြောင့် အလုပ်ရရှိဖို့ ခက်ခဲကြန့်ကြာကာ စရိတ်ပြတ်သွားကြတာတွေလည်း ရှိတယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစ တရုတ် နယ်စပ်ဘက် အ လုပ်လုပ်ရဖို့ မျှော်လင့်ချက်နဲ့ မြန်မာနိုင်ငံ ဒေသ အနှံ့က လုပ်သားတွေ မူဆယ် နယ်စပ်ဘက် ရောက်ရှိလာသူတွေ ပိုများလာပြီး မူဆယ်မြို့မှာ လူထောင်ချီ သောင်တင်နေကြသလို တရုတ်ဘက် ရွှေလီမှာလည်း အလုပ်မရဘဲနဲ့ မြန်မာ လုပ်သား အများအပြား သောင်တင်နေကြတယ်လို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။

Photo Crd# ရွှေလီရောက် မြန်မာနိုင်ငံသား တယောက်

 

Related posts

Leave a Comment

VOM News

FREE
VIEW