ကောလင်းနယ်က တိုက်ပွဲကြောင့် ရွှေဘို – မြစ်ကြီးနားလမ်းမှာ ပိတ်မိတဲ့ ကားသမားနဲ့ ခရီးသည်တွေ စားသောက်စရာ ပြတ်လပ်လို့ အခက်ကြုံ

မတ် ၊ ၆ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ် အစပ်တွေမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်ကစလို့ ဒီကနေ့အထိ ပိတ်ဆို့ ဖြတ်တောက်ခံထားရတဲ့အတွက် အဲ့ဒီ လမ်းကြောင်းမှာ ကားသမားနဲ့ ခရီးသည်တွေ သောင်းဂဏန်းနီးပါးပိတ်မိနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကားသမားတယောက်က
” ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပိုင်းပေါ်မှာ လေးငါးနေရာလောက် လမ်းပိုင်းဖြတ်တောက်ထားတယ် ၊ နောက်ပြီး မန္တလေး – ဗန်းမော် ကားလမ်း သပိတ်ကျင်းနယ် တကောင်းကနေ မဘိမ်းမြို့နယ် ငါးအိုးဘက်အထိ လမ်းပိုင်းပိတ်ထားတယ် ၊ အဲ့ဒီ အပြင် ထီးချိုင့် – အင်းတော်လမ်းပိုင်းလည်း ပိတ်ထားတယ်၊ အင်းတော် – မိုးညှင်း လမ်းပိုင်းက မော်လူးမြို့နယ်ခွဲက ပိတ်ထားတယ် ၊ ဒါ့အပြင် ကျောက်တန်း – ကောလင်း – ဝန်းသို – ပင်လည်ဘူး – ဖောင်းပြင် – ဟုမ္မလင်း လမ်းပိုင်းလည်း ပိတ်ထားတယ် ၊ ကန့်ဘလူ ၊ ကျွန်းလှ ၊ ကောလင်း လမ်းပိုင်းလည်း ပိတ်ထားတယ် ၊ အဲ့ဒါကြောင့် ကားသမားတွေမှာ ရောက်တဲ့နေရာတွေမှာ ခိုလှုံနေရတယ် ၊ အခုလို ရက်ရှည်လမ်းပိတ်ထားတာကြောင့် ကားသမားနဲ့ ခရီးသည် တသောင်းနီးပါးလောက် လမ်းကြောင်းတွေမှာ ပိတ်မိနေပြီး စားသောက်ရေးတွေ အခက်ကြုံလာနေရတယ် ” လို့ ပြောပါတယ်။

မုံရွာ မြစ်ကြီးနား ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တယောက်က
” ဖေဖော်ဝါရီ ၂၃ ရက်က မြစ်ကြီးနားဘက်ကို ထွက်သွားတဲ့ ကုန်ကားတွေဟာ လမ်းကြောင်းတလျောက်လုံး ပိတ်ဆို့ခံထားရတာကြောင့် အခုထိ မြစ်ကြီးနားကို မရောက်သေးဘူး ၊ဒါ့အပြင် မြစ်ကြီးနားဘက်ကနေ မုံရွာ ၊ မန္တလေးဘက်ကို ဆင်းလာတဲ့ကားတွေလည်း အခုထိ မရောက်သေးဘူး။ လမ်းမှာ တပတ်ကျော်ကြာနေပြီး ၊ ပါသွားတဲ့ ကုန်ခြောက်ကုန်တွေက မိုးလေစိတ်မချရဘူး ၊ နောက်ပြီး ကုန်စိမ်းတွေက ပုတ်သိုးပျက်စီးကုန်ပြီ ” လို့ ပြောပါတယ်။

အဲ့ဒီအပြင် ကလေးဝမြို့နယ်နဲ့ တန့်ဆည်မြို့နယ်ထဲမှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်လို့ မုံရွာ ၊ တန့်ဆည် ၊ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီး လမ်းပိုင်းမှာလည်း ပိတ်ဆို့ခံရတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ကလေးမြို့နယ်မှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်လို့ ကလေး ၊ ဖလမ်း ၊ တီးတိန် လမ်းပိုင်းနဲ့ ကလေး ၊ တမူး လမ်းပိုင်းလည်း ပိတ်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံ ကားသမားတဦး

Related posts

Leave a Comment

VOM News

FREE
VIEW