ရွာငံ – ကျောက်ဆည် တောင်ပေါ်လမ်းမှာ အိမ်စီးကား တစီးတိမ်းမှောက် ၊ လူခြောက်ယောက် သေဆုံး

 

မတ် ၊ ၆ ၊ ၂၀၂၄

TT(VOM)

ရှမ်းပြည်နယ် တောင်ပိုင်း ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ရွာငံမြို့နယ် ၊ မြို့ကြီးနဲ့ ပခန်းကြား ၊ ရွာငံ – ကျော်ဆည်လမ်းပိုင်း ၊ ညောင်ထောက်ကွေ့နေရာမှာ မနေ့ မတ် ၅ ရက် ၊ ညနေပိိုင်း ၂ နာရီဝန်းကျင်က အိမ်စီးကား တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါ လူခုနှစ်ယောက်အနက် ခြောက်ယောက် သေဆုံးသွားတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

နယ်ခံ ပရဟိတသမားတယောက်က

” ကားပေါ်မှာ လိုက်ပါလာတာက အမျိုးသား နှစ်ဦး ၊ အမျိုးသမီး လေးဦးနဲ့ ကလေးတဦး ပေါင်း ခုနှစ်ဦးလိုက်ပါလာတယ် ၊ အဲ့ဒီ ဖြစ်စဥ်မှာ ကလေးတယောက်ပဲ အသက်ရှင်ကျန်ခဲ့တယ် ၊ ကျန်လူတွေဖြစ်တဲ့ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး လေးယောက်ကတော့ အခင်းဖြစ်နေရာမှာတင် သေဆုံးသွားကြတယ် ၊ ကျန်ခဲ့တဲ့ ကလေးကိုတော့ ကျောက်ဆည်ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ထားတယ် ၊ ကနဦး သိရတာက သေဆုံးသူတွေထဲက အောင်ပန်းမြို့ ၊ အောင်မင်္ဂလာရပ်ကွက်ထဲမှာရှိတဲ့ မြင့်ဘော်ဒါဆောင် ဆရာမ ဒေါ်မြင့်မြင့်ရီ နဲ့ ဟိုပုံးမြို့ဘက်က လူ ငါးဦးဖြစ်တယ်လို့ သိရတယ် ၊ သေဆုံးရုပ်အလောင်းတွေကိုတော့ ရွာငံ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဟိုပုံးလူမှုကူညီရေး အဖွဲ့တွေပူးပေါင်းပြီး သယ်ဆောင်သွားကြတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက် မနက်အစောပိုင်းက ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၅၈ / ၅ နေရာနားမှာ ကားငါးစီးဆင့်တိုက်မိပြီး ကားပေါ်မှာလိုက်ပါလာတဲ့ လူနသုံးယောက်ထက်မနည်းသေဆုံးကာ ၊ ခုနှစ်ယောက် ဒဏ်ရာရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက် ၊ ညနေ ၅ နာရီဝန်းကျင်ကလည်း မန္တလေးတိုင်း တံတားဦးမြို့နယ်၊ ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၃၇/၂ ဖာလုံ နဲ့ ၃ ဖာလုံကြားမှာ ကား ၂ စီးတိုက်မိပြီး လူ ၂ ဦး သေဆုံးကာ ၊ ၅ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

ဒီနှစ် ဇန္နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၂၉ ရက်အထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ ယာဥ်မတော်တဆမှု ဖြစ်စဥ် ၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ၊ အဲ့ဒီ ဖြစ်ပွားမှုကြောင့် ခရီးသွားပြည်သူ ၂၇ ယောက်ထက်မနည်း သေဆုံးကာ ၊ လူ ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ဓာတ်ပုံ ၊ ရွာငံ ဒေသခံ ပရဟိတသမားတဦး

 

Related posts

Leave a Comment

VOM News

FREE
VIEW