ရုန်းကန်ပြေးလွှား စစ်ရှောင် အမျိုးသမီးများ

 

မတ်-၈-၂၀၂၄

SN (VOM)

ကမ္ဘာပေါ်ရှိ တိုင်းပြည်အများစုမှာ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေ ပိုမိုများပြားလျက်ရှိပါတယ်။ ဒီလို အမျိုးသမီးဦးရေ များပြားနေမှုနဲ့အတူ အမျိုးသားတွေနည်းတူ အမျိုးသမီးတွေကိုလည်း တန်းတူရည်တူ အခွင့်အရေးပေးနိုင်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ရုန်းကန်ပြေးလွှား စစ်ရှောင် အမျိုးသမီးများ

လက်ရှိ ကမ္ဘာတဝန်းမှာ အမျိုးသမီးတွေ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြပြီး အမျိုးသမီးတွေရဲ့ စွမ်းရည်ကို မြှင့်တင်ဆောင်ရွက်လာကြပါတယ်။ ဒါကြောင့်ပဲ နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women’s Day) အဖြစ်သတ်မှတ်ကာ နှစ်စဉ် ဆောင်ပုဒ်တခု သတ်မှတ်ထုတ်ပြန်ပြီး အမျိုးသမီးကဏ္ဍကို မြှင့်တင်ဖို့ အသိပေးလေ့ရှိကာကမ္ဘာတဝန်း အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်နိုင်ဖို့ အခမ်းအနားတွေ ကျင်းပလေ့ရှိပါတယ်။

ရုန်းကန်ပြေးလွှား စစ်ရှောင် အမျိုးသမီးများ

အမျိုးသမီးတွေရဲ့ ပင်ကိုဗီဇဟာ များသောအားဖြင့် အားနွဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမျိုးသားတွေနဲ့ အပြိုင် ကာယအား၊ ဉာဏအား၊ စိတ်ဓာတ်စွမ်းအားတွေ မွေးမြူနိုင်ရမှာဖြစ်ပြီး အမျိုးသားတွေနည်းတူ လက်ရုံးရည်၊ နှလုံးရည်စွမ်းရည်တွေ ကြံ့ခိုင်သူတွေဖြစ်အောင် ကြိုးစားအားထုတ်နိုင်ရမှာ ဖြစ်ပါတယ်။

ဒါအပြင် အရည်အချင်းပြည့်ဝပြီး စိတ်ဓာတ်ကြံ့ခိုင်အောင် ကြိုးစားရမှာ ဖြစ်သလို လုပ်ရည်ကိုင်ရည် ထက်ထက်မြက်မြက် လုပ်ကိုင်နိုင်ကြရမှာဖြစ်ပါတယ်။ ဒါမှသာ အမျိုးသမီးတွေရဲ့ စွမ်းရည်တွေ ပိုမိုတိုးတက် မြင့်မားလာမှာဖြစ်ပါတယ်။ ဒီလိုမျိုး အမျိုးသမီးတွေအနေနဲ့ စွမ်းရည်ထက်မြက်အောင် ကြိုးစားအားထုတ်သင့်သလို အစိုးရ ပုဂ္ဂလိကအဖွဲ့အစည်းအားလုံးကလည်း အမျိုးသမီးတွေရဲ့ စွမ်းရည်မြှင့်တင်ရေးကို အလေးထား ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

လက်ရှိ နိုင်ငံတိုင်းလိုလိုမှာ အမျိုးသမီးအခန်းကဏ္ဍကို အလေးထား လုပ်ဆောင်လျက်ရှိပြီး အမျိုးသားနည်းတူ တန်းတူအခွင့်အရေးတွေ ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့သော နိုင်ငံတွေမှာတော့ အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေး မရ၊ အခွင့်အရေး ပျောက်ဆုံးနေတဲ့ အမျိုးသမီးတွေလည်း ရှိနေပါသေးတယ်။

မြန်မာနိုင်ငံက နယ်ပယ်အသီးသီးရဲ့ ဦးဆောင်မှုကဏ္ဍမှာလည်း အမျိုးသမီးတွေကို နေရာပေး ရွေးချယ်မှုဟာ လက်ရှိအချိန်အထိ အားနည်းနေပါသေးတယ်။ စစ်ရေးပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေရှိနေဆဲ မြန်မာနိုင်ငံမှာတော့ လုံလောက်တဲ့ ငြိမ်းချမ်းရေးအခြေအနေတရပ် မရသေးသလို စီပွားရေးနဲ့ လူမှုရေး၊ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာလည်း စိန်ခေါ်မှုတွေက အများကြီးရှိနေဆဲ ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ အမျိုးသမီးတွေရဲ့ ပါဝင်နိုင်ခွင့်က အခုချိန်ထိ အကန့်အသတ်ဖြစ်နေဆဲ ဖြစ်ပါတယ်။

လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး ဆုံးရှုံးနေရတဲ့ မြန်မာနိုင်ငံအတွင်းက အမျိုးသမီးတွေထဲမှာ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေက အမျိုးသမီးတွေဟာ ပိုပြီး အဆိုးရွားဆုံးအခြေအနေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲ သုံးနှစ်ကျော်ကာလကို ရောက်ရှိလာတဲ့အချိန်မှာ မြန်မာနိုင်ငံတဝန်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပါတယ်။ ဒီတိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်သူတွေဟာ နေရပ်ပြန်ချင်ပေမယ့် မပြန်နိုင်ဘဲရှိနေပြီး ဒီထဲမှာ အမျိုးသမီးတွေ အများဆုံး ပါဝင်ကြပါတယ်။

စစ်ဘေးရှောင်တွေဟာ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ လူမှုစီးပွားဘဝတွေ ပိုပြီး ခက်ခဲလာသလို အလုပ်လက်မဲ့ဖြစ်တာမျိုးအပြင် ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ပြဿနာတွေ ကြုံတွေ့လာနေရပါတယ်။ စစ်ဘေးစစ်ဒဏ်ကြောင့် မြန်မာပြည်အနှံ့အပြား ထွက်ပြေးတိမ်းရှောင်နေသူတွေ၊ အိမ်နီးချင်း အိန္ဒိယ၊ ထိုင်း စတဲ့ နိုင်ငံတွေကို တိမ်းရှောင်နေရတဲ့ သူတွေ တိုးလာခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး – မြန်မာ (United Nations OCHA Myanmar) ရဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်း တိုက်ပွဲတွေကြောင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်အထိ နေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၇ သန်းကျော် ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ နေရပ်စွန်ခွာရသူဦးရေ ၂ ဒသမ ၇ သန်းထဲက ၂ ဒသမ ၄ သန်းဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့တိုက်ပွဲတွေကြောင့် ထပ်တိုးလာတဲ့ အရေအတွက် ဖြစ်တယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာပြည်မှာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ် (ကရင်နီပြည်)၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အစရှိတဲ့ နေရာဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲတွေကြောင့် ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ တသန်းကျော်ရှိခဲ့ပြီး ထိုင်းနဲ့ အိန္ဒိယတို့လို နိုင်ငံတွေကို ထွက်ပြေးရသူတွေလည်း တသောင်းတထောင်နီးပါး ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါထားတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကလည်း တိုက်ပွဲတွေကြောင့် သေဆုံးရတဲ့ အမျိုးသမီးအရေအတွက်ဟာ ၂၀၂၃ ခုနှစ်မှာ အနည်းဆုံး ၃၃၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ့နှစ်အတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာခဲ့ပြီး အရပ်သားတွေ ထိခိုက်မှုတွေ များလာခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ်ဟာ အမျိုးသမီးတွေအတွက် နောက်ထပ် အဆိုးရွားဆုံး အခြေအနေတခုကို ကြုံတွေ့ရတဲ့နှစ်လို့ BWU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အောက်တိုဘာလကုန်ပိုင်းမှာ တိုက်ပွဲတွေပိုများလာတော့ စစ်ဘေးရှောင်တွေ ပိုများလာတယ်။ ဒီထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေက အများစုပေါ့နော်။ ဒီအချိန်မှာ ကျား – မ အခြေပြုတဲ့ အကြမ်းဖက်မှုတွေ၊ စီးပွားရေးကျဆင်းတဲ့ အနေအထားမှာ အမျိုးသမီးတွေ အိမ်ထောင်ဖက်ရဲ့အနိုင်ကျင့်ခံရတာတွေ၊ စီးပွားရေးအဆင်မပြေလို့ လိင်ကျေးကျွန် ဖြစ်လာရတဲ့အနေအထား တွေ့လာရတယ်။ ဒါက လက်လှမ်းမီသလောက် အခြေအနေ၊ လက်လှမ်းမမီတဲ့ အခြေအနေတွေလည်း ရှိနိုင်သေးတာမို့ ၂၀၂၃ ခုနှစ်ဟာ အမျိုးသမီးတွေအတွက် နောက်ထပ်ဆိုးရွားတဲ့ အခြေအနေတခုကို ကြုံရတဲ့နှစ်လို့ ကျွန်မ မှတ်ချက်ပြုပါတယ်” လို့ BWU ရဲ့ မူဝါဒ ဦးဆောင်အဖွဲ့ဝင် ဒေါ်တင်တင်ညိုက ပြောပါတယ်။

နစကတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည် အမျိုးသမီးတယောက်ကတော့ စစ်ရှောင်ရတဲ့ဘဝ ခက်ခဲလွန်းတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေတောင် ခံစားလာရတယ်လို့ ခပ်ညည်းညည်းလေး ပြောရှာပါတယ်။

“ပြေးလွှားနေရတာတွေက ဒီလိုပဲ အမြဲတမ်းဖြစ်နေတော့မှာလား တွေးမိတယ်။ ပြေးရင်းလွှားရင် မလုံခြုံတဲ့ စိတ်ခံစားချက်က အမျိုးသမီးတယောက်အတွက် ပိုပြီး ပူလောင်ရတယ်။ ရေချိုးရတာလည်း ရေချိုးဖို့ရာနေရာ သီးသန့်မရှိလို့ အမျိုးသားတွေနဲ့ရောပြီး ချောင်းစပ်မှာ ရေချိုးကြရတယ်။ နောက်တခု ပြဿနာက လစဉ်သုံးပစ္စည်း အခက်အခဲပေါ့။ အဝတ်တထည် ကိုယ်တခုနဲ့ အသက်ဘေးက လွတ်အောင်ပဲ ရုတ်တရက်ကြီး မနည်းပြေးလွှားလာရတာ ဆိုတော့ အဝတ်အစား အပို ဆိုတာလည်း မပါဘူးလေ။ အတွင်းခံအင်္ကျီတွေ၊ ဘောင်းဘီတွေက အစ လိုအပ်နေတာပေါ့။ အခက်အခဲတွေကတော့ ပြောရရင် ပြောလို့တောင် ကုန်မှာမဟုတ်ပါဘူး။ မျှော်လင့်ချက်ကတော့ တော်တော်လေးမဲ့နေကြတာပါ။ ဘာဆက်လုပ်လို့ ဘာလုပ်ရမယ်မသိဘူး။ အိမ်လည်း ပြန်ချင်တယ်” လို့ သူမက ပြောပါတယ်။

ကုန်စျေးနှုန်းတွေ အဆမတန် ကြီးမြင့်လာတဲ့ ဒဏ်တွေကြား စားနပ်ရိက္ခာကိုတောင် လုံလုံ လောက်လောက် မရကြတဲ့ အခြေအနေမှာ လစဉ်သုံးပစ္စည်း ဝယ်ယူနိုင်ဖို့ဆိုတာဟာ ခက်ခဲလွန်းတဲ့ အနေအထားဖြစ်တယ်လို့ စစ်ဘေးရှောင် အမျိုးသမီးတွေက ပြောကြပါတယ်။ ရခိုင်ပြည်နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေထိုင်လျက်ရှိကြတဲ့ အမျိုးသမီးတွေဟာ ဓနိမိုးဝါးထရံကာ တဲအိမ်တွေ၊ တာလပတ်မိုး တာလပတ်ကာ အခန်းကျဉ်းတွေမှာ ခိုလှုံနေကြရတာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေအရ မြို့ပြအရပ်မှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေအတွက်တောင် လုံခြုံမှုအပြည့်အ၀ မရှိတဲ့ အခြေအနေမှာ စစ်ဘေးရှောင် ဒုက္ခသည် အမျိုးသမီးတွေရဲ့ လူမှုဘဝဟာ ပိုလို့ပင် ခက်ခဲနေတာဖြစ်ပါတယ်။ နေရပ်လုံခြုံမှုမရှိလို့ ထွက်ပြေးလာကြရတဲ့ စစ်ဘေးရှောင် အမျိုးသမီးတွေဟာ စစ်ရှောင်စခန်းတွေမှာ စားသောက်ရိက္ခာ အခက်အခဲတွေ ကြုံနေကြရတဲ့အပြင် လုံခြုံမှုမရှိတဲ့ အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေရဲ့ ဘ၀လုံခြုံရေးကို အထူးဂရုပြုကြဖို့ လိုအပ်တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဒီလို အခက်အခဲ အကျပ်အတည်းတွေ ဖြစ်ပေါ်နေချိန်မှာ လမ်းပန်းဆက်သွယ်ရေး နဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေက စစ်ဘေးရှောင်စခန်းတွေကို ရိက္ခာထောက်ပံ့မှု အဟန့်အတားဖြစ်ပေါ်စေပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင် အမျိုးသမီးအများစုအပါအဝင် စစ်ဘေးဒုက္ခသည် ပြည်သူတွေရဲ့ဘ၀ဟာ “ဗူးလေးရာဖရုံဆင့်” ဆိုသလို အခက်အခဲတွေနဲ့ ဘ၀ရှင်သန် ရပ်တည်ရေးကိုပါ ထိခိုက်မှုတွေ ဖြစ်ပေါ်စေတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အလားတူ ကချင်ပြည်နယ်အတွင်းမှာလည်း နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ ၂၀၁၁ ခုနှစ် ကချင်စစ်ပွဲပြီးကတည်းက အေးချမ်းတည်ငြိမ်လာတဲ့ ဒီဒေသဟာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်မှာတော့ ပစ်ခတ် တိုက်ခိုက် သံတွေပြန်ကြားလာရတာ ဖြစ်ပါတယ်။ ဒေသခံတွေကလည်း လိုင်ဇာ၊ ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့တွေမှာ တကျော့ပြန် စစ်ရှောင်နေကြရတယ်။

စစ်ရှောင်ပြည်သူတွေဟာ တိုက်ပွဲတွေဖြစ်တိုင်း သူတို့ရဲ့စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအပါအဝင် အဘက်ဘက်က ထိခိုက်ဆုံးရှုံးနေရတာပါ။ အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ ပိုလို့ ထိခိုက်နစ်နာ ဆုံးရှုံးရတာတွေ ဖြစ်ပေါ်နေပါတယ်။

စစ်ရှောင်ရပြီဆိုရင် အမျိုးသမီးတွေဟာ စစ်ပြေးရုံတခုတည်းတင်မဟုတ်ဘဲ မိသားစုရဲ့စားရေး၊ နေရေးကအစ အလုပ်အကိုင်ရရှိမှု နဲ့ လုံခြုံရေးအဆုံး စိုးရိမ်ပူပန်ရပြီး မိသားစုအတွက် ဦးဆောင်ရုန်းကန်ကြရတာများပါတယ်။ ထောက်ပံ့မှု မလောက်ငှရင်လည်း မြေမြုပ်မိုင်း အန္တရာယ်တွေကြားကနေ မိသားစုစားဖို့အတွက် တောထဲသွားပြီး မှို၊ မျှစ်၊ သစ်ဥ၊ သစ်ဖုတို့ အရှာထွက်ရတာမျိုးတွေလည်း လုပ်ကိုင်ရတတ်တယ်လို့ စစ်ရှောင်အမျိုးသမီးတွေက ဆိုပါတယ်။

ကရင်နီပြည်မှာလည်း စစ်ရှောင် အမျိုးသမီးတွေဟာ မတည်မငြိမ်အခြေအနေ သုံးနှစ်ကျော်ကာလအတွင်း စိတ်ဖိစီးမှုဒဏ်ကို အများဆုံး ကြုံတွေ့ ခံစားနေကြရတယ်လို့ သိရပါတယ်။ တောင်ယာ မစိုက်ပျိုးနိုင်တော့တဲ့၊ စိုက်ပျိုးခွင့် မရတော့တဲ့ ကရင်နီစစ်ရှောင်တွေဟာ ဝင်ငွေရ အလုပ်အကိုင်လည်း ရှိမနေတော့ပါဘူး။ တရွေ့ရွေ့ မြင့်တက်နေတဲ့ ကုန်စျေးနှုန်းတွေနဲ့ ပိုမိုခက်ခဲလာတဲ့ လမ်းပန်းဆက်သွယ်ရေးတွေကြား စားဝတ်ရေးကျပ်တည်းမှုက စစ်ရှောင်တွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတရပ် ဖြစ်လို့နေပါတယ်။

ကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာတော့ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ အမျိုးသမီးအဖွဲ့တွေက စစ်ရှောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေကို ကုစားဖို့ စိတ်ဒဏ်ရာကုစားနည်း သင်တန်းတွေနဲ့ အိမ်တွင်းမှု လုပ်ငန်းတွေကို ပို့ချပေးနေတယ်လို့ သိရပါတယ်။ စားဝတ်နေရေးပြဿနာတွေကို ရှောင်လွှဲလို့မရတဲ့ စစ်ရှောင် အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက် အခုလိုသင်တန်းပို့ချပေးတာက မီးဖိုချောင် အသုံးစရိတ်ကို များစွာ အထောက်အကူပြုစေတယ်လို့ သင်တန်းတက်ရောက်သူ အမျိုးသမီးတယောက်က ပြောပါတယ်။

“စိတ်ပြေလက်ပျောက်လည်း ဖြစ်တာပေါ့။ အိမ်တွင်းသုံး ပစ္စည်းတွေကို ကိုယ်တိုင် ထုတ်လုပ်လာနိုင်တာကြောင့် ကုန်ကျစရိတ်တွေလည်း သက်သာတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကို ကုစားဖို့အတွက်လည်း အများကြီး အထောက်အကူဖြစ်ပါတယ်” လို့ သူမက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ နေထိုင်နေရတဲ့ မိခင်တွေဟာ သားသမီးရှေ့ရေး၊ မိသားစုရဲ့လုံခြုံရေး၊ စားဝတ်နေရေးနဲ့ ဝင်ငွေမရှိတဲ့ပြဿနာ စတဲ့ ဖိအားပေါင်းစုံကို ခါးစည်းခံနေကြရတာပါ။ ဒါကြောင့် မိသားစုတစု အေးချမ်းဖို့ မိခင်ဖြစ်သူမှာ တာဝန်ပိုပိစေပြီး သူတို့တွေအတွက် စိတ်ပိုင်းဆိုင်ရာကုစားမှုတွေ ပိုမိုလိုအပ်နေတယ်လို့ စစ်ရှောင်ကော်မတီမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“သူတို့ပဲ ထမင်းတွေဘာတွေချက်ပြုတ်ရတယ်။ ဟင်းမှာအခက်အခဲရှိလား ထမင်းမှာလိုအပ်ချက်ရှိလား။ ကလေးတွေရဲ့ အကြိုက်တွေကို လိုက်လျောညီထွေမှုတွေကို လိုက်လုပ်ပေးရသေးတယ်။ အိမ်ထောင်စုရဲ့ ပျော်ရွှင်မှုကို ဖန်တီးတဲ့နေရာမှာလည်း အမျိုးသမီးတွေက အဓိကကျပါတယ်” လို့ သူက ပြောပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ပြောကြားချက်အရ ကရင်နီပြည်က စစ်ဘေးရှောင် နှစ်သိန်းခွဲထဲမှာ ၇၅ ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာနှောင်းပိုင်းမှ စတင်ပြီး လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာမှုကြောင့် နိုင်ငံတဝန်း လူဦးရေ ခြောက်သိန်းနှစ်သောင်း ရှစ်ထောင်ဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဒီအရေအတွက်ဟာ အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာမှ နိုင်ငံတဝန်း နေရပ်စွန့်ခွာရတဲ့ အရေအတွက်ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်ဟာ နိုင်ငံအနှံ့အပြားမှာ လက်နက်ကိုင် ပဋိပက္ခဆက်လက်ဖြစ်ပွားမှု၊ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ စံချိန်တင်ပမာဏ၊ နေရာအနှံ့ ပိုမိုပျံ့နှံ့လာတဲ့ အရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေနဲ့ ကုန်ဆုံးခဲ့တယ်လို့ UNOCHA က ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်မှစတင်ကာ တိုက်ပွဲတွေ ပြင်းထန်လာမှုဟာ ဆက်လက်တည်ရှိနေပြီး ကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေဟာ ၂၀၂၁ ခုနှစ် အစောပိုင်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးကတည်းက ပမာဏအကြီးဆုံးဖြစ်သလို မြေပြင်ပထဝီဝင်အနေအထားအရ အကျယ်ပြန့်ဆုံးလည်းဖြစ်တယ်လို့ သိရပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ စစ်ဘေးအပြင် တခြားအခြားသော ဒုက္ခတွေကိုပါ ရင်ဆိုင်ကြုံတွေ့ ခံစားနေကြရတာ ဖြစ်ပါတယ်။ စစ်ဘေး တိမ်းရှောင်ရသူတွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာနဲ့ အလှမ်းဝေးနိုင်တယ်လို့ ယူဆရတဲ့ တောတောင် လျှိုမြောင်တွေမှာ တိမ်းရှောင် ပုန်းခိုနေကြရပါတယ်။ ဒီလို ပုန်းခိုကြတာမှာ စစ်ရှောင်တွေအတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားသောက်နေထိုင်ရေး အခက်အခဲတွေအပြင် ကျန်းမာရေး လိုအပ်ချက်တွေ၊ ဆေးဝါးလိုအပ်ချက်တွေ၊ ရောဂါဘယ ထူပြောလာမှုတွေ၊ ရာသီဥတုဒဏ်တွေကို ခံစားနေကြရတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကြောင့် စစ်ရှောင်တွေရဲ့ ဘဝတွေဟာ ခက်ခဲမှုအပြည့်နဲ့ အသက်ရှင်သန်ရေးအတွက် ပိုမိုရုန်းကန်နေကြရပါတယ်။ စစ်ရှောင်တွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိပေမယ့်လည်း သူတို့ရဲ့ လိုအပ်ချက်ပေါင်း များစွာကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက်ကတော့ မလွယ်ကူလှတဲ့ အခြေအနေများစွာကို ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

ဒါအပြင် စစ်ရှောင်တွေအတွက် လှူဒါန်းရရှိတဲ့ ငွေကြေးပမာဏမှာလည်း သူတို့ရဲ့ အခက်အခဲတွေ အားလုံးအတွက် လုံလောက်မှုမရှိဘူးလို့ သိရပါတယ်။ အခုနောက်ပိုင်း ရေအခက်အခဲဟာလည်း စစ်ရှောင်တွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုတရပ် ဖြစ်လာနေပါတယ်။

လက်ရှိမှာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ဟာလည်း အကျပ်အတည်းကာလတခုကို ရောက်နေပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံတဲ့ အမိုးအကာ ဒါမှမဟုတ် သောက်သုံးရေမရှိဘဲ နေထိုင်နေရတယ်လို့ သိရပါတယ်။ ဒီလို အတိဒုက္ခရောက်နေကြရတဲ့ စစ်ဘေးရှောင်တွေထဲမှာမှ အမျိုးသမီးတွေ၊ မသန်စွမ်းတွေဟာလည်း ဒီအခြေအနေဆိုးတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို အများဆုံး ခံနေရ ကုလသမဂ္ဂက ထောက်ပြပါတယ်။

ဒါကြောင့် လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းကာလမှာ အမျိုးသမီးတွေရဲ့ နေ့စဉ် ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ မလုံမခြုံဖြစ်နေရတဲ့ ဘ၀တွေကို မြှင့်တင်နိုင်ရေးအတွက် အားလုံးပါဝင်ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW