ဗန်းမော်လေဆိပ်ကို လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရလို့ လေကြောင်းခရီးစဉ်တွေ ရက်အကန့်အသတ်မရှိ ပိတ်ထား

မတ် ၊ ၉ ၊ ၂၀၂၄
SP (VOM)

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ ဗန်းမော်မြို့ ၊ ဗန်းမော်လေဆိပ်ဘက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး လေယာဉ်ပြေးလမ်းတချို့ ထိခိုက်ပျက်စီးသွားတာကြောင့် ဗန်းမော်လေကြောင်း ခရီးစဉ်တွေကို ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းထားလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” လေဆိပ်ဘက်မှာ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရတယ် ၊ ၁၀၇ လက်နက်ကြီး နှစ်လုံး လေယာဉ်ပြေးလမ်းဘက်မှာ ကျရောက်ပေါက်ကွဲတယ် ၊ ဒါကြောင့် ပြေးလမ်းတချို့ ထိခိုက်ပျက်စီးသွားတယ် ၊ မနေ့ကစပြီး လေယာဉ် ခရီးစဉ်တွေ ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းလိုက်တယ် ” လို့ လေကြောင်းလိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

လေယာဉ်လက်မှတ် အရောင်းဌာန တခုက ” ဗန်းမော် ခရီးစဉ်က ပိတ်ထားတယ် ၊ ဘယ်တော့ ပြန်ပြီး ပြေးဆွဲမယ်ဆို မသိရသေးဘူး ၊ ရောင်းထားပြီး လက်မှတ်တွေလည်း ငွေပြန်အမ်းပေးတာမျိုးရှိတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက် ည ၈ နာရီဝန်းကျင်မှာ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ ၊ စစ်တွေလေဆိပ်မှာ ဒရုန်းဗုံးတလုံး ကျရောက်ပေါက်ကွဲပြီး လေယာဉ်ကွင်း လုံခြုံရေး တပ်ဖွဲ့ဝင် နှစ်ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

၂၀၂၃ နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ကလေးလေဆိပ်မှာ ဗုံးတလုံးကျရောက်ပေါက်ကွဲတာကြောင့် လေယာဉ်ခရီးစဉ်တွေ ယာယီ ရပ်နားထားခဲ့ရတယ်လို့ သိရပါတယ်။

၂၀၂၃ နှစ်စပိုင်းတုန်းက ကယားပြည်နယ် လွိုင်ကော် လေဆိပ်မှာ ဆင်းလာတဲ့ ခရီးသည်တင် လေယာဉ်တစီး သေနတ်နဲ့ချောင်းမြှောင်း ပစ်ခံရလို့ လေယာဉ်ခရီးသည် နှစ်ယောက် ကျည်ဆံထိမှန် ဒဏ်ရာရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံ တဦး

Related posts

Leave a Comment

VOM News

FREE
VIEW